Starlab Space က တစ်ကြိမ်ထဲနဲ့ ကမ္ဘာပတ်လမ်းကြောင်းဆီ Starlab ပုဂ္ဂလိက အာကာသစခန်းကို လွှတ်တင်ဖို့ SpaceX ကို ရွေးချယ်လိုက်ပါတယ်။ Starlab Space ကို Voyager Space နဲ့ Aribus တို့ ပူးပေါင်း တည်ထောင်ထားတာပါ။

Starlab space station.

နိုင်ငံတကာ အာကာသစခန်း (ISS) သက်တမ်း ကုန်ဆုံးမယ့် ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ SpaceX ရဲ့ Starship အာကာသယာဉ်ဟာ Starlab အာကာသစခန်း တစ်ခုလုံးကို တစ်ကြိမ်ထဲနဲ့ ကမ္ဘာပတ်လမ်းကြောင်းကို သယ်ဆောင်သွားရမှာပါ။ Starlab ကို ကမ္ဘာပတ်လမ်းကြောင်းကို ပို့ဆောင်မယ့် အချိန် အတိအကျကို မသိရသေးပါဘူး။

ကြီးမားတဲ့ Starship အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းနဲ့ လထံ လူနဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ Voyager Space ရဲ့ CEO Dylan Taylor က “ SpaceX ရဲ့ အောင်မြင်တဲ့ သမိုင်းကြောင်းကြောင့် Starlab ကို ကမ္ဘာပတ်လမ်းကြောင်းထံ ပို့ဖို့ ရွေးချယ်ခဲ့တာပါ။ SpaceX ဟာ အာကာသယာဉ် လွှတ်တင်တဲ့ နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Starlab အာကာသစခန်းမှာ အနည်းဆုံး လူ ၄ ယောက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ Starlab ဟာ အာကာသမှာ သုတေသနပြုလုပ်တဲ့ ISS ရဲ့ အမွေကို ဆက်ခံမှာ ဖြစ်ပါတယ်။ Starlab ဟာ အာကာသ အေဂျင်စီတွေ၊ သုတေသနပညာရှင်တွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

Ref : interestingengineering