ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူတွေ အိမ်တွင်းအောင်းနေရတာနဲ့အညီ အွန်လိုင်းဂိမ်းပလက်ဖောင်းကြီးဖြစ်တဲ့ Steam ဟာ တပြိုင်တည်း သုံးစွဲသူဦးရေ စံချိန်တွေ တစ်ခုပြီးတစ်ခု အသစ်ထပ်တင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ တပြိုင်တည်းသုံးစွဲနေသူ သန်း ၂၀ ပြည့်ထားတဲ့ စံချိန်ကို ရရှိထားခဲ့ပေမယ့် ယနေ့မှာတော့ သုံးစွဲသူဦးရေ ၂၂ သန်းနဲ့ ထပ်မံ စံချိန်ချိုးခဲ့ပြန်ပါတယ်။

Steam ဟာ ကစားသူအများဆုံးဂိမ်းတွေဖြစ်တဲ့ Counter-Strike: Global Offensive နဲ့ Dota 2 တို့လို ကိုယ်ပိုင်ဂိမ်းတွေရှိသလို အခြားဂိမ်းထုတ်လုပ်သူတွေအနေနဲ့လည်း ကွန်ပြူတာ PC ပလက်ဖောင်းမှာ သုံးစွဲရောင်းချမှု အများဆုံးဖြစ်တာကြောင့် အခုလိုသိသာတဲ့ တိုးတက်မှုကို မြင်ရတာပါ။ CS:GO ဂိမ်းဟာလည်း ထွက်ရှိထားတဲ့ ၁၆ နှစ်တာ ကာလအတွင်းမှာ ပထမဆုံးအဖြစ် တပြိုင်တည်းကစားသူဦးရေ တစ်သန်းပြည့် စံချိန်ကို တင်နိုင်ခဲ့ပါတယ်။

Dota 2, Football Manager 2020 နဲ့ Tom Clancy’s Rainbow Six Siege တို့လို ဂိမ်းတွေဟာလည်း သိသာစွာ ကစားသူဦးရေ တိုးမြင့်လာတာကို တွေ့ခဲ့ကြရပါတယ်။

ဗီဒီယိုဂိမ်း Industry သုတေသနပညာရှင် Daniel Ahmad ရဲ့ပြောစကားအရ Steam ဟာ ယခင်စံချိန်တွေအနေနဲ့ ၂၀၁၈ ခုနှစ်က PUBG စတင်ရောင်းချကာစမှာ သုံးစွဲသူ ၁၈.၅ သန်းရရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အခုမှ စံချိန်သစ်ပြန်တင်နိုင်တာ ဖြစ်ပါတယ်။

၂၀၂၀ ဖေဖော်ဝါရီလဟာ တရုတ်နိုင်ငံသာမက တစ်ကမ္ဘာလုံးသို့ စတင်ပြန့်နှံ့ခဲ့တဲ့အချိန်ဖြစ်ပြီး အားလုံးက Social Distancing စနစ်ကို စတင်သုံးစွဲလာကြပြီး အိမ်တွင်းအောင်းတွေလည်း သိသိသာသာပိုများလာခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ စစချင်းမှာတင် Steam ဟာ သုံးစွဲသူ ၁၈.၈ သန်းနဲ့ စံချိန်တင်ခဲ့တာပါ။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အရေအတွက်ဟာ ၁၉ သန်းရောက်ရှိခဲ့ပြီး မတ်လကိုရောက်တဲ့အခါမှာတော့ Steam ရဲ့ သမိုင်းတလျှောက် ပထမဆုံးအဖြစ် တပြိုင်နက်တည်း သုံးစွဲသူ သန်း ၂၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ဥရောပနဲ့အမေရိကန်တို့မှာ ဆက်လက်ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်လာတာနဲ့အမျှ ယနေ့မှာတော့ ၂၂ သန်းထိ ရောက်ရှိလာခဲ့တာပါ။

Ref – Dotesports