လက်ရှိအချိန်မှာ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နည်းပညာကုမ္ပဏီတွေ အများအပြားက ရုရှားနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချနေမှုကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတွေဖြစ်တဲ့ PayPal ၊ VISA တို့ကလည်း သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။

အခုလည်း Russia နဲ့ Belarus နိုင်ငံတွေဆီ Chip တင်ပို့နေမှုကို Taiwan ကနေ လုံးဝပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကို Taiwanese Ministry of Economic Affairs (MOEA) ကနေ ဖော်ပြခဲ့တာဖြစ်ပြီး နည်းပညာမြင့်ကုန်ပစ္စည်းတွေကို ရုရှားနိုင်ငံအတွင်း ဝင်ရောက်မှုမရှိအောင် တားမြစ်ဖို့ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Russia အပြင် Belarus နိုင်ငံကိုပါ ပိတ်ပင်လိုက်တာက လက်ရှိအချိန်မှာ တချို့သော ပိတ်ပင်ထားတဲ့ ကုန်ပစ္စည်းတွေကို Belarus နိုင်ငံအတွင်းကနေ ခိုးသွင်းနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပိတ်ပင်လိုက်တာကြောင့် အဆိုပါ နိုင်ငံတွေဟာ Microprocessor တွေ၊ Microcircuit တွေကို Taiwan နိုင်ငံကနေ လုံးဝ ဝယ်ယူနိုင်မှာမဟုတ်တော့ပါဘူး။

 

 

 

အခုလိုမျိုး ပိတ်ပင်လိုက်တဲ့ Hardware တွေဟာ 5 Gigaflops အထက် စွမ်းဆောင်ရည်ရှိပြီး Frequency Rate 25MHz အထက်ရှိတာတွေ၊ Data Transfer Rate 2.5MB/s အထက်ရှိပြီး Pin ၁၄၄ ခုအထက်ရှိတာမျိုးတွေအကုန်လုံးပါဝင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် လက်ရှိခေတ်မှီနည်းပညာနဲ့ ပတ်သက်သမျှထုတ်ကုန်အားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး Chipset တွေအပြင် Taiwan နိုင်ငံဟာ အဆိုပါ နိုင်ငံတွေအတွက် Chip နဲ့ သက်ဆိုင်တဲ့ Equipment တွေကိုလည်း ရောင်းချမှုကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် Equipment တွေကိုပဲ ဝယ်ယူပြီး တပ်ဆင်ဖို့လည်း မဖြစ်နိုင်တော့ဘူးဖြစ်ပါတယ်။

Ref – Gizmo China