RAZER ကနေ ကြီးမှူးကျင်းပပေးတဲ့ RAZER SEA Invitational 2020 အတွက် လက်ရည်စစ်ပွဲ တဖြစ်လဲ MESL 2020 ပြိုင်ပွဲမှာ ဒေသတွင်း လူကြိုက်များ Esports တွေဖြစ်တဲ့ Dota 2, MLBB, PUBG Mobile တို့ပါဝင်ကာ Dota 2 ပြိုင်ပွဲမှာတော့ လက်ရှိအအောင်မြင်ဆုံးပြည်တွင်းအသင်းဖြစ်တဲ့ Team Veteran ကပဲ အနိုင်ရရှိပြီး ပြိုင်ပွဲကြီးကို သွားရောက်ခွင့် ရရှိခဲ့ပါတယ်။

Photo from MESL Page

Team Veteran အသင်းဟာ အခုနှစ်အစောပိုင်းမှာ ဖျက်သိမ်းခဲ့သေးပေမယ့် လအနည်းငယ် အနားယူပြီးနောက် အဖွဲ့ဝင်တစ်ယောက် အစားထိုးပြီး ယခင်လူစာရင်းထဲက လေးယောက်နဲ့ ပြန်လည်ဖွဲ့စည်းထားတာ သိပ်မကြာသေးပါဘူး။ ယခု လူစာရင်းမှာတော့ အဖွဲ့ဝင်သစ် Mice နဲ့အတူ Insane, ShowTi, RapRap, အသင်းခေါင်းဆောင် Kenji တို့ ပါဝင်ပါတယ်။

Photo from MESL Page

Veteran အသင်းဟာ နောက်ဆုံးဖိုင်နယ် Best of 5 ပွဲစဉ်မှာ Yangon Galacticos (YG) အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်လှုပ်ရှားဖွယ် ငါးပွဲအပြည့် ယှဉ်ပြိုင်ခဲ့ရပြီးမှ ၃ – ၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

လက်ရှိအနေအထားအရ နိုင်ငံတကာပြိုင်ပွဲတွေကိုလည်း အွန်လိုင်းကနေပဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး Team Veteran ဟာ RAZER SEA Invitational ပွဲတွေကို ဇွန်လ ၂၆ ရက်နေ့ကနေ စတင်ကစားရမှာပဲဖြစ်ပါတယ်။ သူနဲ့အတူ အုပ်စုတစ်ခုတည်း ပါဝင်မယ့်အသင်းတွေကတော့ အင်ဒို၊ ဘရူနိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံများမှ လက်ရည်စစ်ပွဲအောင်လာမယ့် အသင်းတွေပါ။