Tesla လို့ဆိုလိုက်တာနဲ့ လျှပ်စစ်ကားထုတ်လုပ်မှုပိုင်းမှာ အရင်ဆုံးအောင်မြင်မှုရရှိခဲ့တဲ့ ကားကုမ္ပဏီတစ်ခုဖြစ်ပြီး အခုလည်း မောင်းသူမဲ့ အလိုအလျောက်မောင်းနှင်စနစ်ကို စတင်အသုံးပြုနေတဲ့ CEO Elon Musk ရဲ့ ကုမ္ပဏီတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။

Tesla ဟာ ထုတ်လုပ်နေတဲ့ Model S ၊ Model 3 ၊ Model X ၊​ Model Y ကားတွေအတွက် လိုအပ်တဲ့ Battery တွေကို ကိုယ်ပိုင်စက်ရုံမှာ ထုတ်လုပ်သလို တချို့သောနိုင်ငံတွေအတွက် တခြားသောကုမ္ပဏီတွေကနေ Battery တွေကို Import ပြုလုပ်ပြီး အသုံးပြုတာဖြစ်ပါတယ်။ အခုလည်း Tesla ဟာ ဂျာမနီနိုင်ငံအခြေစိုက်စက်ရုံမှာ Tesla Model Y SUV ကို တရုတ်လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ BYD ရဲ့ Blade Battery တွေကို စတင်အသုံးပြုပြီး ထုတ်လုပ်နေပြီလို့ သိရပါတယ်။

အဆိုပါ BYD က ထုတ်လုပ်တဲ့ Blade Battery အမျိုးအစားကို Entry-Level Model Y ကားအတွက် အသုံးပြုသွားမှာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ Model 3 ကားအတွက်ကို CATL ကုမ္ပဏီက တင်သွင်းတဲ့ LEP Battery ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Tesla က ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေဟာ တခြားသောကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့အစိတ်အပိုင်းတွေ ပိုမိုပါဝင်လာဖွယ်ရှိနေပါတယ်။

BYD ဟာ လက်ရှိတရုတ်ပြည်တွင်းမှာ အကြီးမားဆုံးလျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ကိုယ်ပိုင် EV Supply Chain ကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Lithium Mine တွေကအစ Battery ထုတ်လုပ်မှုပိုင်းတွေ၊ လျှပ်စစ်ကားထုတ်လုပ်မှုတွေအပြင် Software ၊​ ADAS ထုတ်လုပ်မှုတွေကိုပါ ကိုယ်တိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ BYD ဟာ Plug-in Hybrid ၊​ လျှပ်စစ်ကားတွေအပြင် Commercial Vehicle တွေနဲ့ ဘတ်စ်ကားတွေ စုစုပေါင်း ၁,၈၆၃,၄၉၄ ခန့် ရောင်းချခဲ့ရပြီး တရုတ်နိုင်ငံမှာ Volkswagen ကို ကျော်တက်ပြီး အရောင်းရဆုံး ကားကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Tesla ကိုယ်တိုင်က BYD ရဲ့ Next Gen Blade Battery တွေကို အသုံးပြုနေပြီဆိုရင် နောက်ပိုင်းမှာ တခြားသော လျှပ်စစ်ကားကုမ္ပဏီတွေကပါ BYD အပါအဝင် တရုတ်လျှပ်စစ်ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းမှုတွေကို ပြုလုပ်လာနိုင်ပါတယ်။

Ref – Gizmo China