OnePlus ဟာ ပုံမှန်အားဖြင့် နှစ်အစောပိုင်းမှာ Flagship စမတ်ဖုန်း ၂ မျိုးနဲ့ နှစ်ကုန်ပိုင်းမှာ T Series Flagship ဖုန်း ၂ မျိုးကို မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမယ့် OnePlus ကနေ ယခုနှစ်မှာ OnePlus Nord နာမည်နဲ့ Mid Range ဖုန်းကို မိတ်ဆက်ခဲ့သလိုပဲ Flagship ဖုန်းမိတ်ဆက်မှုတွေကိုပါ ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ OnePlus ကနေ ယခုနှစ်မှာ OnePlus 8T Pro ဖုန်းကို မိတ်ဆက်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ပုံမှန် OnePlus 8T ဖုန်းကို မိတ်ဆက်လာဖို့တော့ ရှိနေတာဖြစ်ပါတယ်။

OnePlus 8T စမတ်ဖုန်းဟာလည်း Design ပိုင်းအရ လက်ရှိ OnePlus 8 နဲ့ 8 Pro ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပြီး အဓိကအနေနဲ့ 120Hz Refresh Rate Display ပါဝင်လာတာအပြင် Qualcomm Snapdragon 865+ Chipset အသစ်ကို ပြောင်းလဲအသုံးပြုလာမှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ OnePlus 7T ဖုန်းဟာ OnePlus 7T Pro ထက်ပိုပြီး အောင်မြင်ခဲ့တဲ့အတွက် အခုလိုမျိုး ဒီနှစ်မှာ OnePlus ကနေ 8T Pro ဖုန်းကို မိတ်ဆက်ဖို့ ဖျက်သိမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

OnePlus 8T Pro အစား OnePlus 8T ဖုန်းကိုပဲ ရောင်းချသွားမှာဖြစ်တဲ့အတွက် စျေးနှုန်းအနေနဲ့ ဘယ်လိုမျိုးသတ်မှတ်သွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်လာ ၇၀၀ အောက်ဝန်းကျင်ပဲရှိမယ်ဆိုရင်တော့ လက်ရှိ Android Flagship ဖုန်းတွေထဲမှာ ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – 9to5Google