AI Diagnostic Tool အသစ် ၁ ခုဟာ COVID-19 ရှိ၊ မရှိ စစ်ဆေးပေးနိုင်ပါတယ်။ ဒီလို ပြုလုပ်ဖို့အတွက် စစ်ဆေးတဲ့ ကိရိယာတွေကို သုံးစရာ မလိုဘဲ လူထုရဲ့ ရောဂါလက္ခဏာ ဒေတာတွေကို သုံးတာ ဖြစ်ပါတယ်။ King’s College London က ဖန်တီးထားတဲ့ COVID Symptom Study App သုံးစွဲသူ ၂.၅ သန်းရဲ့ ဒေတာ အပေါ် အခြေပြုပြီး အဲဒီ AI ကို လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ အဲဒီ App ကို လူတိုင်း Download လုပ်နိုင်ပြီး နေ့စဉ်ကျန်းမာရေး အခြေအနေတွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။

သုံးစွဲသူတွေရဲ့ ၃ ပုံပုံ ၁ ပုံဟာ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို ထည့်သွင်းခဲ့ကြပါတယ်။ ၁၈,၃၇၄ ယောက်က ဗိုင်းရက်စ် စစ်ဆေးခဲ့ပြီး ၇,၁၇၈ ယောက်က Positive ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ သုတေသန ပညာရှင်တွေက Positive လူနာတွေမှာ ဘယ်လို ရောဂါလက္ခဏာတွေ အဓိက ပြသကြသလဲဆိုတာ လေ့လာခဲ့ကြပါတယ်။

ပညာရှင်တွေက အဓိက လက္ခဏာတွေထဲမှာ ဖျားတာ ၊ ချောင်းဆိုးတာ အပြင် အနံ့၊ အရသာ မသိတာပါ ပါဝင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ပညာရှင်တွေက အဲဒီ ဒေတာတွေကို AI အဖြစ် ဖန်တီးလိုက်ပြီး အသက်၊ လိင်နဲ့ အဓိက လက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုတာ၊ အနံ့၊ အရသာ မသိတာတွေကို အခြေပြု တွက်ချက်ကာ ဗိုင်းရက်စ် ရှိ ၊ မရှိ AI က စစ်ဆေးပေးပါတယ်။

AI ဟာ ၈၀ ရာခိုင်နှုန်း နီးပါး တိကျမှန်ကန်တာကို ပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။ AI ဟာ နောက်ပိုင်းမှာ ပိုတိကျလာမယ်ဆိုရင် လျှင်မြန်စွာနဲ့ ဗိုင်းရက်စ် စစ်ဆေးပေးနိုင်တော့မှာပါ။

Ref : tnw