US နိုင်ငံအစိုးရလက်အောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းအားလုံးဟာ လက်ရှိအချိန်ကနေ စတင်ပြီးတော့ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ TikTok App အသုံးပြုမှုကို ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက TikTok ကို အသုံးမပြုဖို့ တွန်းအားပေးခဲ့ပေမယ့် အခုအချိန်ကစပြီး အစိုးရပိုင်စမတ်ဖုန်းတွေနဲ့ ဝန်ထမ်းတွေဟာ TikTok App ကို လုံးဝအသုံးပြုနိုင်ခွင့်မရှိတော့ဘူးလို့ သိရပါတယ်။

အခုကြေညာချက်ကို US အစိုးရရဲ့ လက်အောက်မှာရှိတဲ့ Committee of House Adminstration သို့မဟုတ် COA ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အစိုးရပိုင် စမတ်ဖုန်းတွေမှာ TikTok App ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေကို ပေးပို့တဲ့ တရားဝင် Email အရတော့ Cybersecurity ရုံးကနေ TikTok App ဟာ အသုံးပြုသူတွေကို လုံခြုံရေးဖောက်ထွင်းမှုတွေ ပြုလုပ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အသုံးပြုမှုကို ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ US အစိုးရဝန်ထမ်းတွေအားလုံးဟာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ TikTok App ကို Installed ပြုလုပ်ထားရင်လည်း ချက်ချင်း Uninstall ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး COA Office of Cybersecurity ကနေ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

TikTok ဟာ ByteDance ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Social Media Service တစ်ခုဖြစ်ပြီး တကမ္ဘာလုံးမှာ အသုံးပြုသူအများအပြားရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ByteDance ဟာ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မကြာသေးခင်တုန်းကလည်း Data တွေကို ခိုးယူပေါက်ကြားမှုတွေကို ပြုလုပ်ခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

Ref – Gizmo China