TikTok ဟာ Google ကို ကျော်ကာ ကမ္ဘာမှာ လူသုံးအများဆုံး ဖြစ်လာတယ်လို့ IT လုံခြုံရေး ကုမ္ပဏီ Cloudflare က ပြောပါတယ်။ TikTok ဟာ ဒီနှစ် ဖေဖော်ဝါရီ၊ မတ်နဲ့ ဇွန်လတွေမှာ Google ကို ကျော်တက်ကာ နံပါတ် ၁ နေရာကို သိမ်းပိုက်ခဲ့သလို ဩဂုတ်လကစတင်ကာ နံပါတ် ၁ နေရာကို ဘယ်သူကိုမှ မပေးဘဲ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

TikTok on a mobile

အရင်နှစ်တုန်းကတော့ Google ဟာ နံပါတ် ၁ ဖြစ်ခဲ့ပြီး TikTok, Amazon, Apple , Facebook , Microsoft နဲ့ Netflix တို့ဟာ ထိပ်ဆုံး ၁၀ ခု စာရင်းဝင်ခဲ့ပါတယ်။ Cloudflare က Web Traffic ကို စောင့်ကြည့်တဲ့ Cloudflare Radar Tool ကို အသုံးပြုကာ ဒေတာတွေကို စစ်တမ်းကောက်ယူခဲ့တယ်လို့ ပြောပါတယ်။

Social media icons

Covid-19 ကပ်ရောဂါ ကာလမှာ လူတွေဟာ နေအိမ်ကနေ ဖျော်ဖြေရေးတွေကို ရှာဖွေကြတဲ့အတွက် TikTok ဟာ လူသုံးအများဆုံး ဖြစ်လာတာလို့ ထင်ရပါတယ်။ ဒီနှစ် ဇူလိုင်လမှာ TikTok ကို Download လုပ်တဲ့ အရေအတွက်ဟာ ၃ ဘီလီယမ်ကျော်ခဲ့တယ်လို့ ဒေတာ ကုမ္ပဏီ Sensor Tower က ဖော်ပြထားပါတယ်။

TikTok လူမှုကွန်ရက်ကို တရုတ် ကုမ္ပဏီ Bytedance က ပိုင်ဆိုင်ပြီး ကမ္ဘာအဝန်းမှာ အသုံးပြုသူ ၁ ဘီလီယမ်ကျော်ရှိပါတယ်။ အဲဒီ အရေအတွက်ဟာ ဆက်လက်တိုးတက်နေဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

TikTok ကို တရုတ်မှာ Douyin လို့ ခေါ်ပြီး တရုတ် အစိုးရရဲ့ ဥပဒေတွေအတိုင်း ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ Douyin ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တာပါ။ ဒီနှစ်ထဲမှာ တရုတ် အစိုးရက အသက် ၁၄ နှစ်အောက် User တွေအတွက် ၁ ရက်ကို မိနစ် ၄၀ ပဲ အသုံးပြုဖို့ ကန့်သတ်ခဲ့ပါတယ်။

Ref : bbc