လက်ရှိ Game Streaming Service တွေထဲမှာ အအောင်မြင်ဆုံးကိုပြောပါဆိုရင် Twitch ကိုပဲ ပြောရမှာဖြစ်ပါတယ်။ အခုလည်း Twitch ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Justin Kan ကနေ Gaming ပိုင်းနဲ့သက်ဆိုင်တဲ့ NFT တွေကို ရောင်းချနိုင်တဲ့ Marketplace အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ NFT Marketplace ကိုတော့ Fractal လို့ နာမည်ပေးထားပြီးတော့ လက်ရှိ Blockchain Game တွေဖြစ်တဲ့ Aurory ၊ Caveworld ၊ Genopets ၊ Mini Royale ၊ Nyan Heroes ၊ Panzerdogs ၊ Portals ၊ Photo Finish ၊ Solchicks ၊ Syn City ၊ The Sandbox နဲ့ တခြားသော ဂိမ်းအများအပြားနဲ့ပူးပေါင်းထားတယ်လို့ သိရပါတယ်။ အဆိုပါ ဂိမ်းတွေကနေ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ NFT တွေကို ရောင်းချသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Fractal Marketplace မှာ Player တွေဟာ ကိုယ်တိုင် Studio ကနေ ရောင်းချတာကို စောင့်ပြီး ဝယ်ယူနိုင်သလို တခြားသော Player တွေဆီကနေ Resale Market ပုံစံလည်း ရောင်းချနိုင်မှာဖြစ်ပါတယ်။ Justin Kan ရဲ့ ပြောကြားချက်အရတော့ Fractal ဟာ ပထမဆုံးသော Gaming ပိုင်းကို သီးသန့်ရည်ရွယ်ထားတဲ့ NFT Marketplace တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Fractal ရဲ့ Discord Server မှာ စတင်မိတ်ဆက်ချိန်ကနေ ၁၀ ရက်အတွင်းမှာ လူပေါင်း ၁ သိန်းကျော်ဝင်ရောက်ထားပြီးဖြစ်တာကြောင့် လက်ရှိ Crypto စျေးကွက်မှာ တိုးတက်မှုအမြန်ဆန်ဆုံး Community တစ်ခုဖြစ်လာနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။ Fractal ဟာ Solana Blockchain မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုအချိန်က စတင်ပြီး Phantom လိုမျိုး Crypto Wallet တွေကို အသုံးပြုပြီး ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Fractal ထဲကို ဝင်ရောက်တဲ့ ပထမဦးဆုံး Member အယောက် ၁ သိန်းကိုလည်း ကိုယ်ပိုင် ထူးခြားပြီး ကွဲထွက်နေတဲ့ Fractal NFT တွေကို ပေးသွားမှာဖြစ်တာကြောင့် Gaming NFT တွေကို စိတ်ဝင်စားရင် Fractal Marketplace ကို စမ်းကြည့်သင့်ပါတယ်။

Ref – PR News Wire