Apple ရဲ့ နောက်ထွက်မယ့် iPad Mini ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ 9to5Mac က အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။ iPad Mini အသစ်ရဲ့ လျှို့ဝှက်နာမည်ဟာ J310 ဖြစ်ပြီး Apple A15 Bionic Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အဲဒီ Chipset ကိုပဲ iPhone 13 Series မှာ ထည့်သွင်းထားနိုင်ပါတယ်။ Apple ဟာ ဒီနှစ်ထွက်မယ့် iPad မော်ဒယ် အသစ်တွေအတွက် A15X Version ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။

Apple iPad Mini အသစ်ရဲ့ ဒီဇိုင်းဟာ စတုတ္ထမျိုးဆက် iPad Air နဲ့ တူညီမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုသတင်းအရ iPad Mini အသစ်မှာ Home Button ကို ဖယ်ရှားထားမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ အရင်မျိုးဆက်ထက် ပိုမို ပါးလွှာလာမှာပါ။ iPad Mini အသစ်မှာ Apple က Lightning Port အစား USB Type-C Port တပ်ဆင်ထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

iPad mini - Technical Specifications - Apple

အခုသတင်းအသစ်အရ Apple ဟာ စွမ်းရည်နိမ့် ၁၀.၂ လက်မ iPad မျိုးဆက်သစ်ကို စက်တင်ဘာလမှာ ရောင်းချမှာ ဖြစ်ပြီး Apple A13 Bionic Chipset ထည့်သွင်းထားနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ထုတ် iPad Air 3 မော်ဒယ်နဲ့ ဒီဇိုင်း တူညီမယ်လို့ သိရပါတယ်။

နာမည်ကျော် Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က နောက်ထွက်မယ့် iPad Mini အသစ်ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၈.၅ လက်မနဲ့ ၉ လက်မ အကြားမှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Apple ဟာ ၂၀၁၉ ခုနှစ်မှာ iPad Mini မော်ဒယ်အသစ်ကို ကြေညာခဲ့ပြီး A12 SoC နဲ့ Apple Pencil Support တွေ ပါလာပါတယ်။

Ref : gizmochina