အမေရိကန် စစ်တပ်ဟာ ဖျားနာတဲ့ လက္ခဏာတွေ မပြခင် ၂ ရက်အလိုမှာ ကြိုတင်သိနိုင်တဲ့ စမတ်နာရီနဲ့ လက်စွပ်ကို ဖန်တီးနေပြီး အဲဒီနည်းပညာကို Rapid Analysis of Threat Exposure (RATE) လို့ နာမည်ပေးထားပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံရသူ ၂၅၀,၀၀ နီးပါးနဲ့ တခြား ဖျားနာသူတွေရဲ့ ဒေတာတွေနဲ့ လေ့ကျင့်ပေးထားတဲ့ AI ထည့်ထားတဲ့ Garmin နဲ့ Oura တို့ရဲ့ စမတ်နာရီတွေကို အဲဒီ စီမံကိန်းမှာ အသုံးပြုထားတာပါ။ အနာဂတ်မှာ အဲဒီ စမတ်နာရီဟာ ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို ကြိုတင် သိရှိလာနိုင်မယ့်အတွက် ကပ်ရောဂါသင့်နေတဲ့ ကမ္ဘာကြီးအတွက် အရမ်းကို အကျိုးရှိလာမှာပါ။

RATE ကို Defense Innovation Unit (DIU)  ၊  Defense Threat Reduction Agency (DTRA) နဲ့ Philips Healthcare တို့ ပူးပေါင်း ဖန်တီးထားကြတာပါ။ ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်က ကြေညာခဲ့တာ ဖြစ်ပြီး Philips ရဲ့ လူနာမှတ်တမ်း ဒေတာဘေ့စ်နဲ့ လေ့ကျင့်ပေးထားတဲ့ Algorithm အသစ်တွေကို အချိန်နဲ့တစ်ပြေးညီ ထည့်သွင်းပေးခဲ့ပါတယ်။

Defence.gov ရဲ့ စာရင်းအရ လက်ရှိမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်နေတဲ့ အမေရိကန် စစ်မှုထမ်းဟာ ၆၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပြီး ၄၃,၀၀၀ ကျော်ဟာ နေပြန်ကောင်းလာပြီလို့ သိရပါတယ်။ အမေရိကန် ကာကွယ်ရေး ဌာနဟာ RATE Device တွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လူပေါင်း ၅,၀၀၀ နီးပါးကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ နည်းပညာကို အမေရိကန် စစ်မှုထမ်းနဲ့ ကာကွယ်ရေး ဝန်ကြီး ရုံးက ဝန်ထမ်း ၇၀၀ လောက်နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပါတယ်။

DTRA ရဲ့ သိပ္ပံနဲ့ နည်းပညာ မန်နေဂျာ Ed Argenta က “ ဖျားမှာကို ကြိုတင်သိနိုင်တာဟာ တခြားသူတွေ ကူးစက်တာကို အများကြီး လျှော့ချပေးနိုင်တဲ့အတွက် အရမ်းကို အရေးကြီးပါတယ်။ “ လို့ ပြောပါတယ်။ Philips Research North America ရဲ့ အကြီးအကဲ Dr. Joe Frassica က “ ကိုရိုနာဗိုင်းရက်စ် လူနာတွေဆီက ဒေတာ အသစ်တွေ ရလာတာနဲ့အမျှ သိပ်မကြာခင်မှာ ကိုရိုနာဗိုင်းရက်စ်ကို စစ်ဆေးနိုင်တဲ့ Algorithm ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : dailymail