ဒီနေ့ခေတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ အသုံးပြုသူတွေရဲ့ လိုလားချက်နဲ့ လိုအပ်ချက်ကို ရှာဖွေပြီး ထည့်သွင်းတည်ဆောက်ပေးရရုံသာမကဘဲ၊ ဒီဇိုင်းပိုင်းမှာလည်း ဆန်းသစ်နေအောင်လို့ တီထွင်ကြံဆကြရပါတယ်။ တီထွင်ကြံဆမှုမရှိဘဲ အဟောင်းကိုပဲဖက်တွယ်နေရင် ကျန်ရစ်ခဲ့မယ်ဆိုတာကို Nokia က သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးတီထွင်ကြံဆမှုကိုပြပါဆိုရင်တော့ Foldable စမတ်ဖုန်းတွေကိုပဲ လက်ညှိုးထိုးပြရမှာပါ။ ဒါပေမယ့်လည်း တစ်ဘက်ကပြန်ကြည့်ရင် အရိုးဆုံးက အဆန်းဆုံးဖြစ်တတ်တဲ့ သဘောတရားအတိုင်း ခေတ်ဟောင်း ခေါက်ဖုန်းတွေကလည်း Foldable ရေစီးကြောင်းနဲ့ပေါင်းစပ်ပြီး ဆန်းသစ်တဲ့စမတ်ဖုန်းအဖြစ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အခုလည်း Vivo ဟာ ခေတ်ဟောင်းဒီဇိုင်းနဲ့ ခေတ်သစ်ဒီဇိုင်းအယူအဆကို ပေါင်းစပ်ထားတယ်လို့ ယူဆရတဲ့ စမတ်ဖုန်း ဒီဇိုင်းတွေကို မူပိုင်ခွင့်တင်ထားတာကို တွေ့ရပါတယ်။ Vivo က မူပိုင်ခွင့်တင်ထားတဲ့ စမတ်ဖုန်းဒီဇိုင်းဟာ ဖုန်းကို နှစ်ပိုင်းခွဲပြီး တည်ဆောက်ထားတဲ့ ပုံစံဖြစ်ပါတယ်။ အောက်ပိုင်းကတော့ ၁၈၀ ဒီဂရီ လှည့်နိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဒီ မူပိုင်ခွင့်ဒီဇိုင်းကို တွစ်တာအသုံးပြုသူ @the_tech_guy က ဖော်ထုတ်မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။ ပုံကြမ်းတွေအရ အောက်ခြေမျက်နှာပြင်ကို နောက်ဘက်လှည်ပြီး အသုံးပြုနိုင်မှာဖြစ်သလို၊ အချို့ပုံကြမ်းမှာလည်း QWERTY keyboard ကို မျက်နှာပြင်ပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ နောက်တစ်ချက်က Noti ကိုပြတဲ့ မျက်နှာပြင်ဟာ အနောက်ကင်မရာတွေအတွက် Viewfinder အနေနဲ့ သုံးနိုင်သလားဆိုတာပါ။

အခုအချိန်ထိကတော့ မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းအဆင့်ပဲရှိသေးတာကြောင့် သိပ်ပြီးများများစားစားပြောလို့မရသေးပါဘူး။ ဒီကနေမှ နောက်တစ်ဆင့်တက်လာမှပဲ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ခန့်မှန်းလို့ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina