ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ကျောဘက်မှာ စိန်ပွင့်ပုံစံကင်မရာဖွဲ့စည်းမှုနဲ့ Vivo S5 ကို တရုတ်ပြည်ဈေးကွက်တွင်း စတင်ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက Vivo S5 ရဲ့ နေရာကိုဆက်ခံမယ့် နောက်ထပ် မျိုးဆက်သစ်ကို အစောကြီးကတည်းက ပြင်ဆင်ထားပုံရပါတယ်။

တရုတ်နိုင်ငံတွင်းကနေ ထွက်ပေါ်လာတဲ့သတင်းအရ Vivo S5 ကို ဆက်ခံမယ့်ဖုန်းဟာ Vivo S6 ဖြစ်ပြီး 5G ထောက်ပံ့မှုလည်း ပါဝင်မယ်လို့ သိရပါတယ်။ Vivo S စီးရီးရဲ့ နောက်ဆုံးပေါ်ဖြစ်လာမယ့် Vivo S6 ဟာ မတ်လကုန်ပိုင်းလောက်မှာ ပွဲထွက်လာဖွယ်လည်း ရှိနေပါတယ်။

တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ China News Network ဟာ သူတို့ရဲ့တရားဝင် Weibo အကောင့်မှာ OEMs တွေရဲ့ 5G စမတ်ဖုန်း ဖြန့်ချိမယ့် အချိန်ဇယားကို ဖော်ပြလာခဲ့ပါတယ်။ ဒီအထဲမှာ Vivo S6 ကို မတ်လနှောင်းပိုင်းမှာ နေရာယူထားတာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် Vivo အနေနဲ့ ဒီမတ်လထဲမှာ Vivo NEX 3s 5G နဲ့ Vivo S6 5G ဆိုပြီး 5G စမတ်ဖုန်း နှစ်မျိုးကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

ဒီသတင်းဟာ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ကထွက်ပေါ်လာတာဖြစ်ပေမယ့် အခုအချိန်ထိတော့ Vivo S6 ရဲ့ အစိတ်အပိုင်းတွေအကြောင်း၊ အချက်အလက်တွေအကြောင်း ဘာသတင်းမှ ထွက်မလာသေးဘဲ တိတ်ဆိတ်နေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် လက်ရှိသတင်းအရ Vivo S6 ဟာ Vivo S5 နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းပိုင်းကတော့ သိသိသာသာ မြင့်တက်လာဖွယ် ရှိနေပါတယ်။

Ref: Gizmochina