Tesla က EV လောကရဲ့ဆရာကြီးဆိုရင်မမှားပါဘူး။ Tesla က EV တစ်မျိုးတည်းပဲထုတ်တဲ့ ကားကုမ္ပဏီတစ်ခုဖြစ်လို့ပါ။ အခြားပြိုင်ဖက်ကုမ္ပဏီတွေကတော့ EV တွေအပြင် သာမန် လောက်စာဆီသုံးကားတွေကို ထုတ်လုပ်ရင်း ဝင်ငွေရှာနေရတော့ EV အပိုင်းမှာ Tesla လောက်ရှေ့မရောက်သေးပါဘူး။

Tesla ရဲ့ အဓိကလူသိများတဲ့ EV တွေကတော့ Model S, Model X နဲ့ နောက်ဆုံးမှထုတ်တဲ့ Model 3 တို့ပဲဖြစ်ပါတယ်။ လူသိများရတဲ့အကြောင်းအရင်းကတော့ ကားထဲက Tablet တစ်လုံးလောက်ကြီးတဲ့ Screen အကြီးကြီးနဲ့ ကားတစ်စီးလုံးကို ထိန်းချုပ်ထားနိုင်လို့ပါပဲ။ Tesla အားလုံးရဲ့ တူညီတဲ့အချက်ကတော့ အဲ့ဒီ Disaplay အကြီးကြီးတွေပါတာပါပဲ။ Model S ကတော့ ရောင်းအားကောင်းခဲ့တဲ့ Tesla Model တစ်ခုဖြစ်တဲ့အပြင် ဈေးကွက်ထဲက EV တွေအပြင် ဇိမ်ခံကားအချို့နဲ့တောင် ယှဉ်ပြိုင်နေပါသေးတယ်။ Model X ကတော့ မိသားစုစီး SUV ဆန်ဆန် EV အဖြစ်ထုတ်ပေးထားတာဖြစ်ပါတယ်။ နောက်ဆုံးထုတ်လိုက်တဲ့ Model 3 လေးကတော့ လူလေးယောက်စီး Compact Sedan လေးဖြစ်ပါတယ်။

Model S

Tesla က သူတို့ရဲ့ Flagship Model ဖြစ်တဲ့ Model S ကို ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ပြီးနောက်ပိုင်းမှာပဲ ပရိတ်သတ်အသစ်တွေ အများကြီးရရှိသွားခဲ့တဲ့ Model လည်းဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန် မိသားစုတွေသဘောကျနိုင်မယ့် Design နဲ့ဖြစ်နေတာကြောင့် Model S ဟာကောင်းကောင်းကြီးအောင်မြင်ခဲ့ပါတယ်။ အခုချိန်အထိ အရောင်းရဆုံး Model အဖြစ်စာရင်းဝင်ပါသေးတယ်။ Model S ကတော့ မိသားစုစီး တံခါးလေးပေါက် Sedan အမျိုးအစားဖြစ်ပြီး သေသပ်တဲ့ Body Design နဲ့ပါ။ Model S ထဲက 100D ကတော့ Battery အားအပြည့်မှာ ၃၃၅ မိုင်လောက် ဆက်တိုင်မောင်းနိုင်ပါတယ်။ အားအပြည့်တစ်ခါသွင်း ၃၃၅ မိုင်မောင်းနိုင်တယ်ဆိုတာ EV တွေထဲမှာတော့ လက်ရှိအများဆုံးပမာဏပါပဲ။ အဲ့ဒီလိုမောင်းနိုင်တဲ့ Battery ကိုလည်း ၈ နှစ်တောင် အာမခံပေးပါတယ်။ အမြင့်ဆုံး Model ဖြစ်တဲ့ P100D ရဲ့ဈေးနှုန်းကတော့ $135000 ပါ။

Model X

Model S တွေအောင်မြင်လာပြီးနောက်ပိုင်းမှာ Tesla အနေနဲ့ SUV ဖက်ကိုစဉ်းစားလာရပါတယ်။ EV တွေထဲမှာ SUV အနေနဲ့ ထုတ်လာတာ Model X ကအောင်မြင်ခဲ့ပါတယ်။ Model X ရဲ့ လူကြိုက်များတဲ့ အချက်ကတော့ လင်းယုန်ငှက်တောင်ပံပုံ တံခါးပေါက်တွေပါ။ ဖွင့်လိုက်ရင် အပေါ်ကိုတက်သွားတာကြောင့် လင်းယုန်အတောင်ဖြန့်နေသလိုဖြစ်နေပါတယ်။ Model X ကလည်း အရွယ်မသေးတဲ့ကားဖြစ်နေတာကြောင့် Falcon Wing Doors လို့ Tesla ကနာမည်ပေးခဲ့တာဖြစ်မှာပါ။ SUV ဖြစ်သွားတာကြောင့် Model S ထက်ပိုပြီး အတွင်းခန်းကျယ်သလို ကားအမြင့်လည်း ပိုပါတယ်။ လူခုနှစ်ယောက် သက်တောင့်သက်သာနဲ့စီးနိုင်ဖို့ Design ဆွဲထားတာကြောင့် အတွင်းခန်းအကျယ်နဲ့ပတ်သက်လို့ အပြစ်ပြောစရာမရှိပါဘူး။ Model X 100D ကတော့ Battery အားအပြည့်သွင်းထားရင် ၂၉၅ မိုင်အထိမောင်းနှင်နိုင်တာကြောင့် ခရီးထွက်လို့လည်း အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ Model X P100D ကတော့ $140000 လောက်နဲ့ရောင်းနေပါတယ်။

Model 3

Tesla အနေနဲ့ ဈေးများတဲ့ Model တွေကိုပဲထုတ်ရောင်းနေလို့ အဆင်မပြေပါဘူး။ ဈေးသက်သာပြီး ကားသေးတာကြိုက်သူတွေအတွက်လည်း ကြည့်ပေးရပါသေးတယ်။ အဲ့ဒီအတွက် Model 3 ကို ၂၀၁၇ ထဲမှာ စပြီးမိတ်ဆက်ခဲ့တာပါ။ Model S ထက်သိသိသာသာပိုသေးသလို ဈေးကလည်း ပိုသက်သာပေမယ့် Model S ရဲ့ အငွေ့အသက်လေးတွေကိုတော့ တွေ့ရပါသေးတယ်။ လူလေးယောက်စီးကားဖြစ်ပေမယ့် Tesla ကတော့ ငါးယောက်ထိုင်လို့ရမယ်လို့ ကြေငြာထားပါတယ်။ Model 3 လေးတွေကို $35000 လောက်ကနေ စရောင်းမှာဖြစ်တာကြောင့် Model S တို့ Model X တို့ထက်တော့ အများကြီးဈေးသက်သာပါတယ်။ Model 3 ထဲက အမြင့်ဆုံး Model ကတော့ အားအပြည့်သွင်းထားရင် မိုင် ၃၁၀ လောက်မောင်းနိုင်မှာဖြစ်ပါတယ်။ မြို့တွင်းသုံးဆိုရင်တော့ တစ်ခါအားအပြည့်သွင်းထားပြီးရင် သုံးရက်ကနေ တစ်ပတ်လောက်အထိတော့ ကောင်းကောင်းအသုံးခံမှာပါ။

Tesla ရဲ့ အခြား EV တွေဖြစ်တဲ့ Tesla Roadster နဲ့ Tesla Semi Truck တွေလည်းရှိပါသေးတယ်။ လက်ရှိအချိန်မှာတော့ Roadster နဲ့ Semi Truck တွေကို ဝယ်ယူလို့မရသေးပါဘူး။ ထုတ်လုပ်မှုအဆင့်ပဲရှိနေသေးတာကြောင့် ဖြစ်ပါတယ်။ Tesla ကတော့ နောက်ပိုင်းမှာ ဘယ်လို Model တွေထပ်ထုတ်ပေးလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။