WhatsApp ဟာ Facebook ကနေ ပိုင်ဆိုင်တဲ့ Messaging App တစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာ Security ပိုင်းအားသာချက်တွေရှိနေတာကြောင့် လူသုံးများနေတာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာဆိုရင်လည်း WhatsApp ကနေ အသုံးဝင်တဲ့ Multi-Device အပါအဝင် တခြားသော Feature အသစ်အများအပြားကို ဆက်တိုက်မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း WhatsApp ကနေ လုံခြုံရေးပိုင်းအတွက် အသုံးဝင်တဲ့ Feature တစ်ခုကို Android တင်မဟုတ်ဘဲ iOS အတွက်ပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Cloud မှာ Backup ပြုလုပ်မှုတွေအတွက်ပါ End-to-End Encryption စနစ်ကို စတင်ထောက်ပံ့ပေးလိုက်တာပဲဖြစ်ပါတယ်။

WhatsApp ဟာ ပုံမှန် Message ပေးပို့မှုတွေအတွက် End-to-End Encryption စနစ်ကို Support ပေးထားတာက အခုဆိုရင် အချိန်အားဖြင့် ၅ နှစ်ကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုကတော့ ကိုယ့်ရဲ့ Message တွေကို Third-party Cloud Service တွေဖြစ်တဲ့ Google Drive သို့မဟုတ် iCloud မှာ သိမ်းဆည်းလိုက်တာနဲ့ Encrypted ဖြစ်တော့မှာမဟုတ်ပါဘူး။

ဒါကြောင့် အခုလိုမျိုး Backup တွေမှာပါ End-to-End Encryption စနစ်ကို အသုံးပြုနိုင်တာက တကယ်လို့ Cloud Storage မှာ သိမ်းထားတဲ့ Backup File ကို တစ်ယောက်ယောက်က ရယူသွားရင်တောင် ဝင်ရောက်ဖတ်ရှုနိုင်မှာမဟုတ်တော့ပါဘူး။ ဒါက Device တွေ တစ်ခုနဲ့ တစ်ခုပြောင်းနေရတဲ့သူတွေအပြင် Message History ကို အမြဲတမ်း Backup ပြုလုပ်တတ်သူတွေအတွက် အလွန်အသုံးဝင်စေမှာပါ။

Facebook ရဲ့ ပြောကြားချက်အရတော့ WhatsApp ဟာ ယခု End-to-End Encryption Backup တွေကို Default အနေနဲ့ Enabled ပြုလုပ်ထားမှာမဟုတ်ဘဲ Enable ပြုလုပ်ချင်တယ်ဆိုရင် Settings – Chats – Chat Backup – End-to-End Encrypted Backup ကို ရွေးချယ်ပြီး Enable ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်ပဲသိနိုင်တဲ့ Password သို့မဟုတ် 64-bit Encryption Key နဲ့ Encrypted ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။

Ref – GSM Arena