ဇိမ်ခံကားလို့ပြောလိုက်ရင် Mercedes တို့ BMW တို့တံဆိပ်တွေကိုပဲ အရင်ပြေးမြင်ကြမှာပါ။ တစ်ကယ်တော့ Mercedes နဲ့ BMW တို့ထက်ပိုကောင်းတဲ့ ဇိမ်ခံကားတွေဆိုတာ အများကြီးပါပဲ။ ပြည်တွင်းမှာ Mercedes စီးမှ BMW စီးမှ ဇိမ်ခံကားစီးတယ်လို့ထင်နေသူတွေအများကြီးပါ။

ဂျပန်က Toyota တို့ Nissan တို့ထုတ်ထားတဲ့ ဇိမ်ခံကားမျိုးတွေကိုတော့ Mercede တို့ထုတ်ထားတဲ့ကားတွေလို ဇိမ်ခံကားမဟုတ်ဘူးလို့ထင်နေကြပါတယ်။ တစ်ကယ်တော့ ဇိမ်ခံကားဆိုတာ တံဆိတ်ကိုကြည့်ပြောတာမဟုတ်ပဲ အတွင်းခန်းအပြင်အဆင်၊ အင်ဂျင်၊ ဆေးသား၊ သက်တောင့်သက်သာရှိမှု အဲ့ဒီအချက်တွေကို ကြည့်ပြီး ဇိမ်ခံကားလို့ သတ်မှတ်တာပါ။ လူတော်တော်များများသိတဲ့ Mercedes S Class တို့ BMW 7 Series တို့လို ဆိုဒ်ကြီးကြီး ရှည်ရှည်ကားတွေကိုပဲ ဇိမ်ခံကားလို့သတ်မှတ်တာမဟုတ်ပါဘူး။ သူတို့ထက်ပိုတိုတဲ့၊ ဆိုဒ်ပိုသေးတဲ့ တံခါးလေးပေါက်ပါတဲ့ ဇိမ်ခံကားတွေအများကြီးပါ။

ပြည်တွင်းမှာလူစီးများတဲ ဇိမ်ခံကားတော်တော်များများကတော့ ဂျပန်က Toyota, Nissan, Mazda အစရှိတဲ့ ကုမ္ပဏီတွေက ကားတွေပါ။ Toyota ဆိုရင် Mark II တို့ Crown တို့ကစလို့ Celsior နဲ့ အမေရိကန်ကနေ Camry တွေတောင် ဝယ်စီးလာကြပါပြီ။ Nissan ရဲ့ကားတွေကစပြီး နောက်ပိုင်း ကားတွေက လူသိနည်းတဲ့ ဇိမ်ခံကားတွေဖြစ်သွားပါပြီ။ ဥပမာ Nissan President ဆိုတဲ့ ကားတွေရဲ့ အဆင့်က အနောက်နိုင်ငံတွေက Mercedes တို့ Audi တို့ကို ယှဉ်နိုင်ပါတယ်။ ခရီးဝေးထွက်ရင် အခုအချိန်အထိ ဂျပန်ကားတွေက ပိုပြီးဝယ်ယူသူတွေကို စိတ်ကျေနပ်မှုပေးနိုင်ပါသေးတယ်။

ဇိမ်ခံကားတွေမှာ အဓိကရေးကြီးတာကတော့ စီးနင်းတဲ့အချိန် ထိုင်ခုံတွေ သက်တောင့်သက်သာရှိတာ၊ အင်ဂျင်သံ ဆူညံမှုမရှိတာတွေပါ။ နောက်အချက်တွေအနေနဲ့တော့ သေသေသပ်သပ်လုပ်ပေးထားတဲ့ အတွင်းခန်းအပြင်အဆင်တွေပါ။ ဒါကတော့ ဈေးအပေါ်မူတည်ြ့ပီး အသုံးပြုထားတဲ့ ပစ္စည်းတွေ ကွာခြားပါတယ်။ Nissan President နဲ့ Toyota Celsior လိုကားမျိုးတွေမှာ အတွင်းခန်းကို တစ်ခုမှ အတိမ်းအစောင်းမရှိအောင် သေခြာသပ်သပ်ရပ်ရပ်ဖြစ်နေအောင် လုပ်ပေးထားပါတယ်။ အဲ့ဒီထက်ပိုကောင်းတယ်လို့ လူအများသတ်မှတ်ထားတဲ့ အနောက်တိုင်းက ဇိမ်ခံကားတွေကတော့ အတွင်းခန်းတွေကို ဂျပန်တွေလောက် သေသေသပ်သပ်လုပ်ပေးထားတာမျိုးကို တွေ့ရခဲပါတယ်။ တွေ့ရရင်လည်း ဂျပန်ကားထက် ဈေးက လေးဆကနေ ရှစ်ဆလောက်အထိ ကွာနေတတ်ပါတယ်။

ဒီနောက်ပိုင်း ဇိမ်ခံကားသတ်မှတ်ချက်ထဲမှာ ထိုင်ခုံကြီးရမယ်၊ လေးယောက်စီးကားဆိုရင် နောက်ခန်းမှာထိုင်တဲ့သူက ချေထောက်ဆန့်တဲ့နေရာ သက်တောင့်သက်သာရှိရမယ်၊ အင်ဂျင်သံ တိတ်ဆိတ်ရမယ်၊ အဲကွန်းပေါက်တွေများရမယ် စတဲ့ အချက်တွေကို အဓိကကြည့်ပြီး သတ်မှတ်လို့ရပါတယ်။ အတွင်းခန်း အပြင်အဆင်နဲ့ သုံးထားတဲ့ ပစ္စည်းတွေကတော့ ကားဈေးအပေါ်မူတည်ပြီး ပြောင်းလဲမှာဖြစ်တာကြောင့် ဇိမ်ခံကားဖြစ်တာနဲ့ သစ်သားတွေ၊ မှန်နှစ်ထပ်တွေ၊ သားရေထိုင်ခုံတွေ၊ အောက်ပိုင်းလေအိတ်တွေ ဖြစ်မယ်လို့ပြောလို့မရပါဘူး။