စမတ်ဖုန်းတွေရဲ့ ဘက္ထရီနဲ့ အားသွင်းနည်းပညာပိုင်းကလည်း နှစ်အလိုက် တိုးတက်လာခဲ့ပါပြီ။ လက်ရှိမှာ Oppo ရဲ့ 65W SuperVOOC 2.0 ဟာ ဈေးကွက်ထဲမှာ အမြင့်ဆုံးအားသွင်းစနစ် ဖြစ်ပါတယ်။

Xiaomi ဟာ 100W Super Charge Turbo အားသွင်းနည်းပညာကို ၂၀၁၉ ခုနှစ် မတ်လကတည်းက သရုပ်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိ ဈေးကွက်ထဲ ရောက်မလာသေးပါဘူး။ 100W Super Charge Turbo ဟာ 4,000 mAh ဘတ္ထရီကို ၁၇ မိနစ်နဲ့ အားအပြည့်ဖြည့်နိုင်ပြီး ၂၀၂၀ ခုနှစ်မှာ ဈေးကွက်ထဲ တင်ပို့လာမယ်လို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ထပ်မံပြောကြားခဲ့ဖူးပါတယ်။

အခုချိန်မှာ ၂၀၂၀ နှစ်တစ်ဝက်ကျိုးလာပြီဖြစ်ပေမယ့် Super Charge Turbo နည်းပညာနဲ့ ဖုန်းတွေကို မတွေ့ရသေးပါဘူး။ အဲဒီအစား 120W Charger လို့ ဆိုထားတဲ့ အားသွင်းစနစ်ရဲ့ ဓါတ်ပုံကိုသာ ပြီးခဲ့တဲ့လက Leak တစ်ခုမှာ မြင်ခဲ့ရပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ တရုတ်ပြည်တွင်းက Leak တွေဟာ ကမ္ဘာ့ပထမဆုံး 100W Charger ကို တွေ့ရဖို့ မျှော်လင့်ချက်ကို ထပ်ယူဆောင်လာခဲ့ပြန်ပါပြီ။ ဘယ်စမတ်ဖုန်းမှာ ပါမယ်ဆိုတာတော့ မသိရသေးပေမယ့် သြဂုတ်လမှာ ထွက်လာမယ့် Mi 10 Pro Plus နဲ့ Q4 ကာလမှာ မြင်ရဖို့ မျှော်လင့်ရတဲ့ Mi Mix 4 တို့မှာ ဖြစ်နိုင်ခြေရှိပါတယ်။

Xiaomi ဟာ မဝေးတဲ့ အနာဂါတ်မှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်ကို စံချိန်တင်လာနိုင်ပေမယ့်လည်း သူ့ထက် ပိုပြီး နီးစပ်နေတာကတော့ ဇူလိုင်လမှာ ထွက်လာမယ့် 90W အားသွင်းစနစ်နဲ့ Lenovo Legion Gaming စမတ်ဖုန်းပါ။

တူညီတဲ့အနေအထားအဖြစ် Xiaomi ရဲ့ စံချိန်ဟာလည်း ၂၀၂၁ ခုနှစ်ထဲမှာ Vivo ရဲ့ 120W Super FlashCharge နည်းပညာက ကျော်လွန်သွားတာကို ခံရဦးမယ်လို့ ထင်ရပါတယ်။ Vivo ရဲ့ အားသွင်းစနစ်ဟာ 4,000 mAh ဘက္ထရီကို ၁၃ မိနစ်နည်းနဲ့ အားသွင်းနိုင်စွမ်း ရှိပါတယ်။

Ref – GizmoChina