အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ ပုံမှန် Physical SIM အပြင် eSIM ကိုပါ ထောက်ပံ့လာကြပြီဖြစ်ပါတယ်။ ဒါ့အပြင် တချို့သော နိုင်ငံတွေကလွဲပြီး နိုင်ငံအများအပြားမှာလည်း eSIM ကိုအသုံးပြုနိုင်တဲ့ Telecom Operator တွေရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Apple ကနေ US နိုင်ငံတွင်းမှာ ရောင်းချတဲ့ iPhone 14 Series ဖုန်းတွေကို Physical SIM Slot ထည့်သွင်းပေးခြင်းမရှိတော့ဘဲ eSIM သီးသန့်အနေနဲ့ပဲ ရောင်းချနေပြီဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ ပြီးခဲ့တဲ့အောက်တိုဘာလ ၄ ရက်နေ့တုန်းက Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်ခဲ့တဲ့ Xiaomi 12T Pro ဟာ Xiaomi ကုမ္ပဏီအတွက် ပထမဆုံးအနေနဲ့ eSIM ကို တကမ္ဘာလုံးမှာ စတင်ထောက်ပံ့ပေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါက Apple ကနေ iPhone 14 Series ဖုန်းတွေမှာ eSIM ကိုပဲ ပြောင်းလဲခဲ့တာကြောင့်လားဆိုတာကိုတေ့ာ Xiaomi ဘက်ကနေ တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။

နောက်ထပ်တစ်ချက်ကလည်း Xiaomi 12T Pro ဟာ မိတ်ဆက်တဲ့စျေးကွက်အပေါ်မူတည်ပြီး Physical Dual SIM သို့မဟုတ် Physical SIM + eSIM ဆိုပြီး ရောင်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် Apple iPhone တွေလိုမျိုးပဲ Physical Dual SIM ကို ဝယ်ယူထားတယ်ဆိုရင် eSIM ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ အခုလိုမျိုး eSIM ကို ထောက်ပံ့ပေးနေမှုကို တခြားသော စမတ်ဖုန်းတွေမှာပါ ထည့်သွင်းပေးသွားမယ်လို့ သိရတဲ့အတွက် နောက်ပိုင်းမှာ eSIM ဟာ ပိုပြီး အောင်မြင်မှုရရှိလာနိုင်ပါတယ်။

Ref – Gizmo China