တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ဓါးစာခံဖြစ်ခဲ့ရတဲ့ Huawei ဟာ လက်ရှိအချိန်မှာတော့ ကြီးမားတဲ့အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ သုတေသနစာတမ်းတွေကလည်း တရုတ်နည်းပညာကုမ္ပဏီကြီးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစု ၄% ကျဆင်းသွားဖွယ်ရှိကြောင်း တွက်ချက်ဖော်ပြနေကြတာ ဖြစ်ပါတယ်။

Huawei အနေနဲ့ ဈေးကွက်ဝေစုကို ဆုံးရှုံးရမယ်ဆိုရင်၊ တနည်းအားဖြင့် ဈေးကွက်ဝေစုလစ်ဟာမှုတွေ ဖြစ်ပေါ်မယ်ဆိုတဲ့သဘောပါပဲ။ ဒီလိုလစ်ဟာလာမယ့်ဈေးကွက်ဝေစုကို ဘယ်အမှတ်တံဆိပ်က ရယူသွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်နေတဲ့ကုမ္ပဏီတွေထဲမှာ တရုတ်အခြေစိုက်တွေဖြစ်ကြတဲ့ Xiaomi, OPPO နဲ့ Vivo တို့ဖြစ်နေတာကို တွေ့မြင်ရပါတယ်။

တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ၂၀၂၀ ပထမနှစ်ဝက်နဲ့နှိုင်းယှဉ်မယ်ဆိုရင် အမှာစာတွေပိုမိုများပြားပြီး၊ သိုလှောင်မှုတွေ ပြုလုပ်နေကြတယ်လို့ ထိုင်ဝမ်ရဲ့ PCB ထောက်ပံ့ရေးကွင်းဆက်သတင်းရင်းမြစ်တွေက ဖွင့်ဟကြောင်း DigiTimes ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီလမ်းကြောင်းဟာ ၂၀၂၁ ပထမသုံးလပတ်အထိ ဆက်ပြီးရှိနေမယ်လို့ ယုံကြည်နေကြပါတယ်။

အခုအချိန်မှာ PCB ရဲ့တင်ပို့ရောင်းချမှုကို အများဆုံးရယူထားတာက Xiaomi ဖြစ်ပြီး အခြားတရုတ်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ OPPO နဲ့ Vivo ထက်များပြားနေတယ်လို့ သိရပါတယ်။ ဒီအမှတ်တံဆိပ်သုံးခုဟာ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ Huawei ရဲ့ အဓိကပြိုင်ဘက်တွေလို့ ဆိုရပါလိမ့်မယ်။ ပြီးခဲ့တဲ့ အစီရင်ခံစာမှာလည်း Xiaomi ဟာ ဒီနှစ်ထဲမှာ စမတ်ဖုန်းတင်ပို့ရောင်းချမှုမြင့်မားလာပြီး တင်ငွေလည်း ၃၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။

Xiaom အနေနဲ့ နိုင်ငံတကာဈေးကွက်မှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေဆက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ Xiaomi ဟန်းဆက်မှာယူမှုတွေဟာ ၂၀၂၀ ဒုတိယနှစ်ဝက်ကနေ ၂၀၂၁ ပထမသုံးလပတ်ကြားကာလမှာ ယူနစ်ပေါင်း သန်း ၁၀၀ ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ OPPO နဲ့ Vivo တို့ဟာလည်း အလားတူကာလအတွင်းမှာ သန်း ၉၀ နဲ့ သန်း ၇၀ အသီးသီးရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina