အခုအချိန်မှာ Research Firm တစ်ခုဖြစ်တဲ့ IDC ကနေ ၂၀၂၀ အတွက် တတိယ ၃ လပတ် စမတ်ဖုန်းရောင်းအားတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ထူးခြားချက်အနေနဲ့က Xiaomi ကနေ Apple ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ နံပါတ် (၃) နေရာကို ရယူလိုက်တာပဲဖြစ်ပါတယ်။

IDC ရဲ့ ပြောကြားချက်အရတော့ ယခုနှစ်တတိယ ၃ လပတ် တကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၃၅၃ သန်းအထိ ရောင်းချခဲ့ရပြီးတော့ မနှစ်ကနဲ့ ယှဥ်ရင် တူညီသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် COVID-19 ကြောင့် စမတ်ဖုန်းရောင်းအားထိခိုက်မှုတွေက သိသိသာသာကို ပြန်လည်တိုးတက်လာတာဖြစ်ပါတယ်။

စျေးကွက်နံပါတ် (၁) နေရာကိုတော့ Samsung က အလုံးရေ ၇၉.၈ သန်းရောင်းချပြီး စျေးကွက်ပိုင်ဆိုင်မှု ၂၂ ရာခိုင်နှုန်းနဲ့ ရယူထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Huawei ကနေ စမတ်ဖုန်းအလုံးရေ ၅၀.၉ သန်းပဲ ရောင်းချနိုင်ပြီး စျေးကွက်ပိုင်ဆိုင်မှု ၁၄ ရာခိုင်နှုန်းပဲ ရှိနေတော့တာဖြစ်ပါတယ်။ Huawei အနေနဲ့ မနှစ်တုန်းကထက် ရောင်းအား ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Xiaomi ကနေ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၄၆.၂ သန်းရောင်းချထားပြီး စျေးကွက်ပိုင်ဆိုင်မှု ၁၃ ရာခိုင်နှုန်းနဲ့ တတိယနေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ Apple အနေနဲ့ကတော့ ရောင်းအား ၄၁.၇ သန်းနဲ့ စျေးကွက်ပိုင်ဆိုင်မှု ၁၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ သိရပါတယ်။

Analyst တွေကတော့ Huawei ဟာ လာမယ့် ၂၀၂၀ စတုတ္ထ ၃ လပတ်မှာလည်း ရောင်းအားဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းနေကြပြီး Apple အနေနဲ့ကတော့ iPhone 12 Series ကို စတင်ရောင်းချနေပြီဖြစ်တဲ့အတွက် Xiaomi ကို ပြန်လည်ကျော်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ဘယ်လိုဖြစ်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Android Authority