Xiaomi ကုမ္ပဏီဟာ Mi 10 Youth စမတ်ဖုန်းကို ဧပြီလ ၂၇ ရက်နေ့မှာ MIUI 12 နဲ့အတူ မိတ်ဆက်လာမှာပါ။ Mi 10 Youth ဟာ ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ Xiaomi Mi 10 စီးရီးအတွက် အဖွဲ့ဝင်သစ်တစ်ယောက်ဖြစ်လာပြီး ယနေ့မှာ သူ့ရဲ့ ကာလာလေးမျိုးလုံးနဲ့ ပိုစတာတွေကို Tease လုပ်လာခဲ့ပါတယ်။

ပိုစတာထဲမှာဖော်ပြထားတဲ့အတိုင်း Xiaomi Mi 10 Youth ဟာ တရုတ်ပြည်တွင်းကို Pink Peach, Orange Storm, Green Tea, Blue Berry ဆိုတဲ့ အမည်လှလှ လေးမျိုးနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ကုမ္ပဏီက ဒီဟန်းဆက်ဟာ သေးပြီး ပေါ့ပါးတဲ့ စတိုင်လ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။ Mi 10 Youth ဟာ 8mm သာထူပြီး ၂၀၀ ဂရမ်ခန့်လေးမှာပါ။

မတ်လတုန်းက Xiaomi ဟာ ဥရောပဈေးကွက်မှာ Mi 10 Lite စမတ်ဖုန်းကိုကြေညာခဲ့ပြီး အခု Mi 10 Youth အဖြစ် တရုတ်ဈေးကွက်ကိုမိတ်ဆက်လာမယ့်ဖုန်းဟာ Mi 10 Lite ကို အခြေခံထားတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ကင်မရာ အစရှိတဲ့ အပြောင်းအလဲနည်းနည်းတော့ ပါဝင်လာနိုင်ပါတယ်။

Xiaomi Mi 10 Youth ဖုန်းရဲ့နောက်ဘက်မှာ လေးထောင့်ပုံစံကင်မရာ Module လေးကိုတွေ့ရပြီး အထဲမှာ ကင်မရာလေးလုံးနဲ့ LED Flash တစ်ခုတို့ ပါဝင်ပါတယ်။ ကင်မရာတစ်ခုက 50x Digital Zoom ထိ ထောက်ပံ့ပေးနိုင်တဲ့ Periscope Zoom ဖြစ်ပြီး ဥရောပဗားရှင်းမှာတုန်းက မပါခဲ့ပါဘူး။ 3C အတည်ပြုချက်တုန်းကတော့ Mi 10 Youth ဖုန်းသစ်မှာ 22.5W အားသွင်းစနစ်ပါမယ်လို့ ဖော်ပြထားပါတယ်။

Ref – Playful Droid