Xiaomi ဟာ ဒီလ ၂၈ ရက်နေ့မှာ Mi 11 Series ကို တရားဝင် ကြေညာမယ်လို့ ခိုင်ခိုင်မာမာ အတည်ပြုထားပြီးပါပြီ။ အရင်က အဲဒီ စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားခဲ့ဖူးပြီး ဖုန်း ဒီဇိုင်းကို လေ့လာနိုင်ခဲ့ပါတယ်။ အခုတော့ Mi 11 ရဲ့ တရားဝင်လို့ ထင်ရတဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို ပိုမို စေ့စေ့စပ်စပ် လေ့လာလို့ရလာပါပြီ။

အဲဒီ ဓါတ်ပုံတွေအရ Mi 11 အတွက် အရောင် ၄ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 108MP ပင်မ ကင်မရာ ပါလာမယ်ဆိုတာလည်း ပိုသေချာသွားပါပြီ။

Mi 11 ကို လက်ဝယ်ကိုင်သုံးနေတဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားလာပြီး ဖုန်းရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ပြသထားပါတယ်။ အနောက်ဘက်ကို သားရေနဲ့ တူတဲ့ Texture နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင် ဘေးဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဓါတ်ပုံမှာ စမတ်ဖုန်းရဲ့ ထိပ်ပိုင်းကို မပြသထားပေမယ့် 12GB RAM နဲ့ Android 11 အခြေပြု MIUI 12 မောင်းနှင်ထားမယ်လို့ စကရင်မှာ တွေ့ရပါတယ်။

Xiaomi က Mi 11 ရဲ့ အသေးစိတ် Specs တွေကို မပြောသေးပေမယ့် Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာ သေချာပါတယ်။ Xiaomi က Gorilla Glass Victus ပါလာမယ်လို့ အတည်ပြုထားပြီး မျက်နှာပြင်ဟာ လက်ရှိ ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးလို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် တန်ဖိုးဟာ ထိပ်တန်း TV မျက်နှာပြင်လောက်တောင် ရှိမယ်လို့ သိရပါတယ်။

Ref : gsmarena