Xiaomi ရဲ့ Mi 11 စီးရီးကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာမယ်လို့ ဆိုထားပါတယ်။ ဒီ စီးရီးဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေဖြစ်ပြီး Mi 11 မှာလည်း Snapdragon 888 Chipset ကို အသုံးပြုထားမယ်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။ အခုတော့ ဒီဟန်းဆက်ရဲ့ တရားဝင်ပုံရိပ်တွေ ထွက်လာတာကို တွေ့ရပါပြီ။

Xiaomi Mi 11 မိသားစုဟာ ပြီးခဲ့တဲ့ရက်ကပဲ JD.com မှာ စာရင်းဝင်လာတာကို တွေ့မြင်ရပါတယ်။ အခုတော့ Geekbench မှာလည်း Mi 11 ကို 12GB of RAM နဲ့အတူ တွေ့မြင်လာရပါတယ်။ Geekbench ရဲ့ အချက်အလက်တွေကလည်း Snapdragon 888 နဲ့ သူ့ရဲ့ CPU စွမ်းဆောင်မှုဆိုင်ရာ တွေကိုပြသထားပြန်ပါတယ်။ ရလဒ်တွေကတော့ မျက်ခုံးပင့်ချင်စရာပါ။

Xiaomi M2011K2C ရဲ့ Single-core ရမှတ်ဟာ 1,135 မှတ်ဖြစ်ပြီး၊ Multi-core ရမှတ်ကတော့ 3,642 ဖြစ်ပါတယ်။ Snapdragon 865+ ရဲ့ရလဒ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၁၅% ကနေ ၂၀% အထိ တိုးတက်လာတာကို တွေ့ရပါတယ်။ Mi Fan တွေအတွက်တော့ အတော်လေးကို ကျေနပ်မှုဖြစ်စေမယ့် စမတ်ဖုန်းဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Mi 11 Pro ရဲ့ တရားဝင်ပုံရိပ်တွေအရ မျက်နှာပြင်ဟာ Curve display ဖြစ်ပြီး၊ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုရှိနေတာကို တွေ့ရပါတယ်။ ကျောဘက်ကင်မရာဖွဲ့စည်းပုံကလည်း လွန်ခဲ့တဲ့ရက်ပိုင်းက ပေါက်ကြားထွက်ပေါ်လာတဲ့ ပကတိရုပ်ပုံတွေအတိုင်းပါပဲ။ ကင်မရာအကြီးတစ်လုံး၊ အလတ်တစ်လုံးနဲ့၊ အသေးတစ်လုံး၊ စုစုပေါင်း သုံးလုံးကို တပ်ဆင်ထားတာပါ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena