Xiaomi Mi Max Series စမတ်ဖုန်းတွေဟာ ယခင်တုန်းကတော့ Screen Size ကြီးမားတဲ့အတွက် လူကြိုက်များခဲ့တဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Screen Size က ဘေးဘောင်တွေသေးငယ်လာတာနဲ့အတူ ပိုပြီးကြီးလာတဲ့အတွက် Mi Max Series ဖုန်းတွေကို ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။

အခုလည်း Xiaomi ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Mi Max Series ဖုန်းဖြစ်တဲ့ Mi Max 3 အတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။ ဒါကတော့ Mi Max 3 Global Version စမတ်ဖုန်းတွေအတွက် MIUI 12 Update ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ Xiaomi ဟာပြီးခဲ့တဲ့ သြဂုတ်လထဲက China Version အတွက် MIUI 12 Update ကို ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ Global Version အတွက်ပါ Update ထွက်ရှိလာတာဖြစ်ပါတယ်။

MIUI 12 Update နဲ့အတူ Xiaomi Mi Max 3 စမတ်ဖုန်းဟာ New Animation ၊ Dark Mode 2.0 ၊ Super Wallpaper အပြင်တခြားသော Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ Mi Max 3 ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Android 8.0 Oreo ကိုအခြေခံထားတဲ့ MIUI 9 နဲ့ မိတ်ဆက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုထွက်ရှိလာတဲ့ MIUI 12 Update ဟာ Android 11 ကိုတော့ Update ပြုလုပ်ထားမှာမဟုတ်ဘဲ Android 10 ကိုပဲ အခြေခံထားဦးမှာဖြစ်ပါတယ်။ Mi Max 3 အနေနဲ့ Android 11 Update ကိုပါ ရရှိဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါးနေတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် ယခု MIUI 12 Update ဟာလည်း Mi Max 3 အတွက် နောက်ဆုံးသော MIUI 12 Update ဖြစ်လာမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mi Max 3 Global Version ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ မကြာခင်မှာ MIUI 12 Update ကို Download ရယူနိုင်တော့မှာဖြစ်ပါတယ်။

Ref – Gizmo China