Xiaomi Mi Mix Fold ဖုန်းဟာ လွန်ခဲ့တဲ့ မတ်လ ၂၀၂၁ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး Xiaomi ကုမ္ပဏီအတွက် ပထမဆုံးသော Foldable ဖုန်းလည်းဖြစ်ပါတယ်။ အခုအချိန်မှာ Xiaomi Mix Fold 2 ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် အဆိုပါ Foldable ဖုန်းတွေဟာ တရုတ်နိုင်ငံစျေးကွက်မှာပဲ ရောင်းချတာဖြစ်ပြီး Global စျေးကွက်ကို မိတ်ဆက်ဖို့ အစီအစဥ်မရှိသေးဘူးလို့ သိရပါတယ်။

အခုလည်း Xiaomi Mi Mix Fold ဖုန်းအတွက် Android 12 OS Update ကို အခုမှ Xiaomi ကနေ ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ Xiaomi Mi Mix Fold ဟာ မိတ်ဆက်တဲ့အချိန်တုန်းက Android 11 ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပြီး အခုလို အချိန် ၁ နှစ်ခွဲနီးပါးကြာပြီးမှ Android 12 OS Update ရရှိတာလည်းဖြစ်ပါတယ်။

လောလောဆယ်မှာ Google ကိုယ်တိုင်က Pixel ဖုန်းတွေအတွက် Android 13 OS Update ကို ထုတ်ထားပြီးဖြစ်သလို တခြားသော စမတ်ဖုန်းကုမ္ပဏီတွေကလည်း မကြာခင်မှာ Android 13 OS Update ကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi ဟာ Flagship Foldable ဖုန်းဖြစ်တဲ့ Mi Mix Fold ဖုန်းကို Software Update ပိုင်းမှာ တခြားဖုန်းတွေလောက်တောင် အာရုံမစိုက်တဲ့ ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် အခု Xiaomi Mi Mix Fold ဖုန်းအတွက် Android 12 OS Update ဟာ Build Number V13.1.1.0.SJTCNXM ဖြစ်တယ်လို့ သိရပြီး Android Security Patch Level ကတော့ August 2022 ပါဝင်မှာဖြစ်ပါတယ်။ Android 12 OS ကို Update ပြုလုပ်ထားပေမယ့် MIUI 13 ကိုပဲ ဆက်လက်အသုံးပြုနေမှာဖြစ်ပါတယ်။

အခုလိုမျိုး Xiaomi Mi Mix Fold ဖုန်းဟာ Android 12 OS Update ကို ရရှိပြီဖြစ်ပေမယ့် Xiaomi ကိုယ်တိုင်ကတော့ နောက်ပိုင်းမှာ Foldable ဖုန်းတွေအတွက် ရည်ရွယ်ထုတ်ပေးထားတဲ့ Android 12L သို့မဟုတ် Android 13 OS ကို Update ပြုလုပ်ပေးသွားဦးမလားဆိုတာကတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China