ပြီးခဲ့တဲ့လက OPPO X 2021 ဟာ ကမ္ဘာ့ပထမဆုံး Rollable concept စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း LG က အလားတူ Device မျိုးဟာ သူတို့ရဲ့ လာမယ့်နှစ်အစီအစဉ်ထဲမှာ “Explorer Project” ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုမြင်တွေ့ရတဲ့ Xiaomi ရဲ့ ဒီဇိုင်းမူပိုင်ခွင့် ရုပ်ပုံတွေကလည်း အလားတူပုံစံမျိုးအတွက်ဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ Beijing Xiaomi Mobile Software ဟာ ဒီမူပိုင်ခွင့်ကို USPTO (United State Patent and Trademark Office) ဆီ ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“Terminal with flexible screen” ဆိုတဲ့နာမည်နဲ့ မူပိုင်ခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ မှာ အတည်ပြုခဲ့ပြီး WIPO (World Intellectual Property Office) database မှာ ထုတ်ပြန်ခဲ့ပါတယ်။ မူပိုင်ခွင့်စာရွက်စာတမ်းတွေအရ ဒီစမတ်ဖုန်းဟာ Rollable flexible panel နဲ့ ဖြစ်တဲ့အပြင် ကျောဘက်မှာလည်း သာမန် Secondary display ပါဝင်ဦးမယ်လို့ ပြောနိုင်ပါတယ်။

Rollable screen ကို တော့ အကျယ်အားဖြင့် ၂၀၀% အထိ ချဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တက်ဘလက်အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေအရ မျက်နှာပြင်ဟာ အသုံးပြုနေတဲ့ဘက်ပေါ်မူတည်ပြီး Activate ဖြစ်မယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ဖန်သားပြင်နှစ်ခုလုံးကို တစ်ချိန်တည်းမှာအသုံးပြုဖို့လည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ မူပိုင်ခွင့်တင်ထားတုန်းပဲ ရှိပါသေးတယ်။ ဒါကို LetsGoDigital က Concept Creator (Jermaine Smit) နဲ့ ပူးပေါင်းပြီး 3D render တွေဖန်တီးလိုက်တာပါ။ မူရင်းပုံကြမ်းက ရှင်းလင်းမှုမရှိပေမယ့် ဒီဇိုင်နာကတော့ Mi Mix Alpha ရဲ့ လွှမ်းမိုးမှုအချို့ကိုယူပြီး LED ဖလက်ရှ်နဲ့ ဒေါင်လိုက်ကင်မရာသုံးလုံးကိုထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

Ref: Gizmochina