Xiaomi ဟာ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ်ဖုန်း ရောင်းအားကို မကြာခင်က ကြေညာခဲ့ပြီး ကွာတား ၃ စမတ်ဖုန်း ရောင်းအားမှာ Apple ဟာ Xiaomi ကို ပြန်လည် ကျော်တက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။

Xiaomi

Canalys ရဲ့ စစ်တမ်းအရ Xiaomi ဟာ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၁၃.၅ ရာခိုင်နှုန်း ဈေးကွက်ဝေစုရထားပြီး အလုံးရေ ၄၃.၉ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi ဟာ နံပါတ် ၃ နေရာကို ဆင်းသွားရပြီး အရင်ကွာတား ၂ ဈေးကွက်ဝေစု ဖြစ်တဲ့ ၁၆.၇ ရာခိုင်နှုန်းကနေ ကျဆင်းသွားတာပါ။ Apple က နံပါတ် ၂ နေရာကို ရသွားပြီး ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းနဲ့ Xiaomi ကို ကျော်တက်နိုင်ခဲ့ပါတယ်။

Apple iPhone 13

Xiaomi ရဲ့ ဥက္ကဌ Wang Xiang က ကုမ္ပဏီရဲ့ ကွာတား ၃ ရောင်းအားဟာ အနည်းငယ်ကျဆင်းသွားတယ်လို့ ပြောပါတယ်။ တစ်ဖက်ကကြည့်ရင် iPhone 13 Series ရောင်းအား အရမ်း ကောင်းနေတာကြောင့် Apple က Xiaomi ကို ကျော်တက်နိုင်ခဲ့တာပါ။ iPhone 13 Series ရောင်းအားကောင်းနေပေမယ့် Apple အကြီးတန်း အရာရှိ ၁ ယောက်က Chip မလုံလောက်မှုဟာ စမတ်ဖုန်း ရောင်းအားကို ထိခိုက်နေတယ်လို့ ပြောပါတယ်။ သူက Chip မလုံလောက်မှုကြောင့် စမတ်ဖုန်း ၁၀ သန်း ကနေ သန်း ၂၀ မထုတ်လုပ်နိုင်ဘူးလို့ ယုံကြည်ထားပါတယ်။

စမတ်ဖုန်းရောင်းအား ကျဆင်းသွားပေမယ့် Wang Xiang က Xiaomi ရဲ့ စွမ်းရည်မြင့် တန်ဖိုးကြီး စမတ်ဖုန်းဈေးကွက်ဟာ တိုးတက်လာတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ကွာတား ၃ ခုအတွင်း ကုမ္ပဏီဟာ စွမ်းရည်မြင့် စမတ်ဖုန်း ၁၈ သန်း ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း စမတ်ဖုန်း ရောင်းအားရဲ့ ၁၂.၈ ရာခိုင်နှုန်းရှိပါတယ်။ အရင်နှစ် ကွာတား ၃ ခုရဲ့ ၈ ရာခိုင်နှုန်းထက် တိုးတက်လာတာပါ။ Wang Xiang က Xiaomi ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ရောင်းချတဲ့ နည်းဗျူဟာကို ဆက်လက် ကျင့်သုံးမှာ ဖြစ်သလို တခြား စမတ်ဖုန်း Segment တွေမှာလည်း အားစိုက်မယ်လို့ ပြောပါတယ်။

Ref : gizmochina