Xiaomi ရဲ့ Mi A စီးရီးတွေဟာ Android One စမတ်ဖုန်းတွေဖြစ်ပြီး တစ်ခန်းရပ်သွားတဲ့ စီးရီးလို့ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်က Xiaomi ရဲ့ Software Update ထောက်ပံ့မှုတွေမှာ Mi A3 လည်းပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Android One ဖုန်းအတွက် Android 11 Update ထုတ်ပေးခဲ့တာပါ။

Xiaomi ရဲ့ Android 11 Update ဟာ အသုံးပြုသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့အတွေ့အကြုံယူဆောင်လာပေးဖို့ ရည်ရွယ်ထားပေမယ့် လက်တွေ့မှာတော့ ပြဿနာတွေကိုပဲ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ အဲဒါကတော့ Mi A3 တွေကို Android 11 Update တင်လိုက်တဲ့အခါ Brick ဖြစ်သွားတဲ့ပြဿနာကို ကြုံတွေ့လိုက်ရတာပါ။

Xiaomi ကတော့ ဒီ Update ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ အသုံးပြုသူတွေကို နှစ်သိမ့်တဲ့အနေနဲ့ အခမဲ့ပြင်ဆင်မှုပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုကို ကြေညာလိုက်ပါတယ်။ တရားဝင်ကြေညာချက်အရ ထိခိုက်နစ်နာခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ အာမခံသက်တမ်းလွန်နေပြီဆိုရင်တောင် အခမဲ့ပြုပြင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Update ကြောင့် ထိခိုက်နစ်နာသွားတဲ့ Xiaomi Mi A3 အသုံးပြုသူအနေနဲ့ နိုင်ငံတစ်ဝန်းရှိ Service ပေါင်း ၂၀၀၀ ကျော်အနက် နီးစပ်ရာကို ရှာဖွေပြီးသွားရောက်ပြုပြင်ရုံပဲလို့ သိရပါတယ်။ Xiaomi ဟာ Mi A စီးရီးတွေနဲ့ပတ်သက်လာရင် Update ပိုင်းမှာ ပြဿနာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

Xiaomi Mi A2 Lite ကို Android 10 update ပေးတုန်းကလည်း သုံးကြိမ်တိုင် ဖြန့်ချိခဲ့ရတာကို တွေ့နိုင်ပါတယ်။ Mi A1 ကို Android Pie ဆီမြှင့်တင်တော့လည်း ပြဿနာတွေ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ Mi A3 အသုံးပြုသူတွေဟာ Android 10 update ထုတ်ပေးဖို့လည်း စုပေါင်းလက်မှတ်ထိုးတောင်းဆိုမှုနဲ့အတူ Xiaomi ကို ဖိအားပေးခဲ့ရပါသေးတယ်။

Ref: Gizmochina