Xiaomi ဟာ Mi Band 5 ကို ပိုကြီးတဲ့ မျက်နှာပြင်၊ ပိုကောင်းတဲ့ Charger တွေနဲ့ ပွဲထုတ်လာခဲ့တာပါ။ အခုလည်း Mi Band 5 ထက် ဈေးသက်သာတဲ့ Smart Band ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ နာမည်ကတော့ Mi Smart Band 4C ဖြစ်ပြီး ဈေးသက်သာပေမယ့် အဆင့်မြင့်လုပ်ဆောင်ချက်တွေပါဝင်တာကို တွေ့ရပါတယ်။

Mi Smart Band 4C ဟာ 1.08-inch မျက်နှာပြင်နဲ့ဖြစ်ပြီး ဘက်ထရီသက်တမ်းက ၁၄ ရက်ထိ ခံမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းချိုသာတဲ့ အမျိုးအစားဖြစ်ပေမယ့် နှလုံးခုန်နှုန်းကိုလည်း စောင့်ကြည့်နိုင်မှာဖြစ်ပြီး၊ ကျန်းမာကြံ့ခိုင်မှုဆိုင်ရာ ခြေရာခံစနစ်လည်း ပါဝင်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ Smart Band တစ်ခုလို့ ဆိုရမှာပါ။

ဈေးနှုန်းကတော့ မလေးရှားမှာ RM99 (မြန်မာငွေ ၃ သောင်း ၂ ထောင်နီးပါး) နဲ့ရောင်းချတာဖြစ်တဲ့အတွက် Realme Band နဲ့ ဈေးကွက်ယှဉ်ဖို့ ပြင်ဆင်ထားတာ သေချာပါတယ်။ 1.08-inch TFT 128x220px resolution ဟာ 200 nits brightness ရရှိမှာ ဖြစ်ပါတယ်။ ၂ ပတ်ကြာအထားခံတယ်လို့ဆိုတဲ့ဘက်ထရီသက်တမ်းအတွက် 130mAh ပမာဏဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

ဘက်ထရီအားသွင်းချိန်ကတော့ 0 to 100% ကို ၂ နာရီခန့်ကြာတယ်လို့ သိရပါတယ်။ Built-in USB port ကတစ်ဆင့် အားသွင်းရမှာ ဖြစ်ပါတယ်။ Outdoor running, exercise, cycling, treadmill, and fast walking စတဲ့ မတူညီတဲ့ အားကစားနည်း ၅ မျိုးကို စောင့်ကြည့်မှတ်သားနိုင်ပြီး ခြေလှမ်းအရေအတွက်၊ အိပ်စက်ခြင်း စတာတွေကိုလည်း Tracking လုပ်နိုင်မှာ ဖြစ်ပါတယ်။

Mi Smart Band 4C ဝတ်ဆင်ထားသူက အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိရင်လည်း သတိပေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Notifications တွေ၊ ဖုန်းအဝင်ခေါ်ဆိုမှု သတိပေးချက်တွေပါဝင်သလို Music control လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Xiaomi ဟာ Mi Smart Band 4C ကို မလေးရှားဈေးကွက်ပြင်ပမှာလည်း မကြာခင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSM Arena