Google ဟာ ယခင်တုန်းက စျေးသက်သာတဲ့ Entry စမတ်ဖုန်းတွေအတွက် Android Go Operating System အသစ်ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး Android Go OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတာကြောင့် ပုံမှန် Mobile App တွေကို အသုံးပြုတဲ့အချိန်မှာ နှေးကွေးနေမှာဖြစ်ပါတယ်။

ဒါကြောင့် Google ကနေ အဆိုပါ Android Go OS ဖုန်းတွေအတွက် သီးသန့်အနေနဲ့ Go Version App တွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ App တွေထဲမှာ Maps Go ၊ Camera Go ၊ YouTube Go စသဖြင့် အများအပြားပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ YouTube Go App ကို လာမယ့် သြဂုတ်လကနေ စတင်ပြီး အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။ Google ဟာ အဆိုပါ YouTube Go App ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး တိုးတက်ဆဲနိုင်ငံတွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် YouTube Go မှာ အသုံးပြုသူတွေအနေနဲ့ Video တွေ တင်နိုင်မှာမဟုတ်သလို Comment ပေးတာတွေ၊ Dark Mode စတဲ့ Feature တွေကိုလည်း အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature တွေဟာ YouTube အတွက် မဖြစ်မနေ လိုအပ်လာတဲ့ Feature တွေဖြစ်လာတာကြောင့် အခုလို YouTube Go App ကို ဖယ်ရှားလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် YouTube Go App ကို လက်ရှိအချိန်အထိ အသုံးပြုနေတဲ့သူတွေရှိတယ်ဆိုရင်တော့ ပုံမှန် YouTube Application သို့မဟုတ် youtube.com ကနေ ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။

Ref – GSM Arena