YouTube မှာ MrBeast လို့ လူသိများတဲ့ Jimmy Donaldson ဟာ YouTube မှာ ရနေတဲ့ ဝင်ငွေနဲ့ X မှာ ရတဲ့ ဝင်ငွေကို နှိုင်းယှဉ်ချင်လို့ X မှာ ပထမဆုံး ဗီဒီယို ၁ ခုကို တင်လိုက်ပါတယ်။

သူက ဒီလ ၂၂ ရက်နေ့မှာ X မှာတင်တဲ့  သူ့ရဲ့ “$1 vs $100,000,000 Car” ဗီဒီယိုဟာ ၁ ပတ်အတွင်းမှာ ကြည့်ရှုသူ သန်း ၁၅၀ ကျော်သွားပြီး ဒေါ်လာ ၂၆၃,၀၀၀ ကျော်ရခဲ့တယ်လို့ ပြောပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၉ ထောင်ကျော်ဖြစ်ပါတယ်။ သူက အဲဒီဗီဒီယိုကို စက်တင်ဘာလတုန်းက YouTube မှာ တင်ထားပြီးသားဖြစ်ပေမယ့် X မှာ ဒီလောက်လူကြည့်များတာဟာ အံ့အားသင့်စရာကောင်းပါတယ်။

Elon Musk က သူ့ရဲ့ ဗီဒီယိုကို မျှဝေထားပြီး MrBeast ရဲ့ X မှာ တင်တဲ့ ပထမဆုံး ဗီဒီယိုလို့ ရေးသားထားပါတယ်။ Musk ဟာ ဒီဇင်ဘာလမှာ X မှာ ဗီဒီယိုတင်ဖို့ Donaldson ကို အကြံပြုခဲ့ပါတယ်။ Donaldson က “ ကျွန်တော့် ဗီဒီယိုတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်က ဒေါ်လာ သန်းနဲ့ချီရှိပါတယ်။ X မှာ ဗီဒီယိုတွေကို ဘီလီယမ်နဲ့ချီကာ ကြည့်ကြမယ်ဆိုရင်တောင် ကုန်ကျစားရိတ်ရဲ့ အနည်းငယ်တောင်ပြန်ရမှာ မဟုတ်ပါဘူး။” လို့ တုန့်ပြန်ခဲ့ပါတယ်။

X မှာ ဗီဒီယို ၁ ခုတင်လို့ ရတဲ့ ဒေါ်လာ ၂၆၃,၀၀၀ ဟာ များပြားပေမယ့် Donaldson အတွက် အသေးအဖွဲပဲ ရှိပါတယ်။ Donaldson ဟာ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၅၄ သန်းရခဲ့ပြီး ၂၀၂၃ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး Creator ဖြစ်ခဲ့ပါတယ်။

Ref : cnbc