ZTE က တရုတ်မှာ Axon 20 5G ဖုန်းကို စက်တင်ဘာလ ၁ ရက်နေ့ ကြေညာမယ်လို့ ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ မျက်နှာပြင်အောက် ကင်မရာ နည်းပညာပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းလို့ နာမည်ကြီးနေပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က ZTE မိုဘိုင်းဌာနရဲ့ ဥက္ကဌ Ni Fei က အဲဒီ သတင်းကို အတည်ပြုခဲ့ပါတယ်။

TENAA မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ ZTE Axon A20 5G ရဲ့ အရွယ်အစား အပြည့်အစုံဟာ 172.1 x 77.9 x 7.9mm ဖြစ်ပြီး ၆.၉၂ လက်မ FullHD+ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်အောက်မှာ 32MP ကင်မရာ ထည့်ထားတဲ့အတွက် Notch or Punch Hole တွေ မပါပါဘူး။ ZTE ဟာ တရုတ် အခြေစိုက် Visionox ရဲ့ မျက်နှာပြင်အောက် ကင်မရာ နည်းပညာကို သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 64MP, 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံး ထောက်ပံ့ထားမှာပါ။

2.4GHz Octa-core Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 6/8/12GB RAM နဲ့ 64/128/256GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 10 OS နဲ့ Rapid Charging ပါတဲ့ 4120mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gizmochina