Apple ရဲ့ iPhone X မှာ မျက်နှာကို စကင်ဖတ်ပြီး ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face ID ပါဝင်လာမှာဖြစ်ပါတယ်။ နည်းပညာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ KGI Securities က Ming-Chi Kuo ကတော့ အဆိုပါ Apple Face ID မှာ အသုံးပြုထားတဲ့ TrueDepth နည်းပညာကို အခြားသော Android ဖုန်းတွေလိုက်မှီဖို့ နောက်ထပ် ၂ နှစ်ခွဲလောက်ကြိုးစားရဦးမယ်လို့ ဆိုလိုက်ပါတယ်။

Apple ရဲ့ Face ID အတွက်အသုံးပြုထားတဲ့ ကင်မရာစနစ်ဟာ သာမန်ကင်မရာတစ်ခုထဲတပ်ဆင်ထားတာမဟုတ်ပဲ မျက်နှာအတိမ်အနက်ကိုပါ တိုင်းတာနိုင်တဲ့ “Dot Projector” ၊ “Flood Illuminator”
အစရှိတဲ့ အခြားဘယ်ဖုန်းမှာမှ အသုံးပြုထားခြင်းမရှိသေးတဲ့ နည်းပညာတွေကိုပါ တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် မှားယွင်းနိုင်ပြီး မျက်နှာကို စကင်ဖတ်မိတာမျိုးကလည်း လုံးဝမရှိနိုင်ပဲ အကြိမ်ရေ ၁ သန်းမှ ၁ ကြိမ်ဖြစ်နိုင်တယ်လို့ Apple ကကြေငြာထားတာပါ။

အခုလိုမျိုး Apple ကနေ အခြားပြိုင်ဘက်က လုပ်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အရာကိုလုပ်ပြသွားတာက Android စမတ်မုန်းထုတ်လုပ်သူတွေအတွက် အကျပ်ရိုက်စေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် Apple iPhone X မှာပါဝင်တဲ့ TrueDepth နည်းပညာက ဖုန်းကို Unlock ပြုလုပ်တာတစ်ခုထဲအတွက်ပဲ အသုံးပြုထားတာမဟုတ်ပဲ လုံခြုံရေးတင်းကျပ်ဖို့လိုအပ်တဲ့ Bank Payment တွေ၊ ကိုယ့်မျက်နှာမှာဖြစ်နေတဲ့အတိုင်း အတိအကျဖော်ပြပေးနိုင်တဲ့ Augmented Reality အသုံးပြုထားတဲ့ Stickers တွေ၊ Selfie ရိုက်ရတာ သဘောကျတဲ့သူတွေအတွက် အကောင်းစား Selfie ဓါတ်ပုံတွေကိုပါ ရိုက်ကူးနိုင်နေလို့ပဲဖြစ်ပါတယ်။ နေရာစုံမှာ လုံးဝမတူညီတဲ့ အတွေ့အကြုံသစ်တစ်ခုကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ iPhone X ရဲ့ နည်းပညာက လုံးဝ အံ့သြဖွယ်ရာနည်းပညာဖြစ်နေတာပါ။


လက်ရှိအချိန်မှာ Samsung ကနေ မျက်လုံးအိမ်ကို စကင်ဖတ်ပြီး ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Iris Scanner ကို သူရဲ့ လက်ရှိအမြင့်ပိုင်းဖုန်းတွေဖြစ်တဲ့ Galaxy S8/S8+ နဲ့ Galaxy Note 8 ဖုန်းတွေမှာထည့်သွင်းပေးထားပြီး Face Unlock Feature လည်း ပါဝင်တယ်ဆိုပေမယ့် သာမန် အရှေ့ Selfie ကင်မရာကိုပဲ အသုံးပြုတဲ့အတွက် ဓါတ်ပုံနဲ့တောင် Unlock ပြုလုပ်နိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ဖူးတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Apple ရဲ့ အခုလို TrueDepth နည်းပညာက လက်ရှိအချိန်မှာ ခေတ်ရှေ့ပြေးနေတာမှန်ပေမယ့် KGI Securities ကပြောသလိုမျိုး Android ဖုန်းတွေက နောက်ထပ်အချိန် ၂ နှစ်ခွဲလောက်ကြိုးစားမှ လိုက်မှီမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref: http://www.androidauthority.com/apple-iphone-x-camera-two-years-ahead-android-804469/