DxOMark ဆိုတာကတော့ လက်ရှိ Mobile Camera တွေ၊ Professional Camera တွေ Lens တွေကို တိုင်းတာနေတဲ့ Benchmarking Company တစ်ခုဖြစ်ပြီးတော့ DxOMark က ထုတ်ပြန်တဲ့ Camera Score တွေကလည်း စမတ်ဖုန်းတွေရဲ့ ကင်မရာကောင်းမကောင်းကို တိုင်းတာတဲ့ Standard တစ်ခုဖြစ်လာပါပြီ။

အခုချိန်မှာလည်း DxOMark ရဲ့ Marketing VP Nicolas Touchard ကနေ နောက်ပိုင်းမှာ စမတ်ဖုန်းတွေမှာ ကင်မရာ ၃ လုံးတင်မကဘဲ ကင်မရာ ၄ လုံးအထိ ပါဝင်လာမှာဖြစ်ပြီးတော့ Standard တစ်ခုအနေနဲ့တောင် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Nicolas က ဘယ်လိုကြောင့် ကင်မရာ ၄ လုံးအထိ စမတ်ဖုန်းတွေမှာ တပ်ဆင်နိုင်တာနဲ့ ဘယ်အချိန်မှာ ဖြစ်လာနိုင်မယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် Nicolas က တစ်ခုကိုတော့ ရှင်းပြသွားခဲ့ပြီး အခုလိုမျိုး Camera တွေအမြောက်အများတပ်ဆင်လာတာဟာ စမတ်ဖုန်းတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်တဲ့ တစ်ခုထဲသောနည်းလမ်းဖြစ်တာကြောင့်လို့ ဆိုခဲ့ပါတယ်။ ဒါကလည်း စမတ်ဖုန်းကင်မရာတွေက Professional Camera တွေလိုမျိုး Lens တွေကို လိုသလိုပြောင်းလဲလို့ မရတာကြောင့်လို့ ယူဆရပါတယ်။

အခုအချိန်မှာလည်း DxOMark ရဲ့ အကောင်းဆုံး စမတ်ဖုန်းကင်မရာနေရာကို Huawei P20 Pro ဖုန်းက ရယူထားပြီးတော့ အဲ့ဒါကလည်း ဒီ Triple Camera စနစ်ကို အသုံးပြုထားတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာလည်း OPPO R17 Pro ကနေ Triple Camera ပါဝင်လာခဲ့ပြီဖြစ်ပြီးနောက်နှစ်မှာထွက်ရှိလာမယ့် Samsung Galaxy S10+ နဲ့ iPhone တွေမှာလည်း Triple Camera ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်နောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ နောက်ကျောဘက်က ကင်မရာတွေနဲ့ပဲ ပြည့်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရတော့မှာပါ။