Samsung က ဒီနှစ်အတွက် အကောင်းဆုံး Android ဖုန်းတစ်ခုဖြစ်လာတဲ့ Samsung Galaxy Note 9 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ Galaxy Note 9 ဖုန်းက တကယ်ကို လက်ရှိအချိန်မှာ စွမ်းဆောင်ရည် အမြင့်ဆုံး Android ဖုန်းတစ်ခုလို့ သတ်မှတ်နိုင်ပေမယ့် Huawei Mobile ကတော့ အထင်မကြီးတဲ့ပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Huawei ကနေ သူရဲ့ Twitter Account မှာ ပြီးခဲ့တဲ့ Huawei P10 စမတ်ဖုန်းကနေ P20 Pro ဖုန်းကို ထုတ်လုပ်ခဲ့တာကို ပြသခဲ့ပြီးတော့ တကယ့် Generation အဆင့်မြှင့်တင်မှုဆိုတာကို ပြခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ အဆိုပါ Post မှာလည်း P20 Pro ဖုန်းကို ထုတ်ခဲ့တုန်းက တကယ်ကို နေ့စဉ်အသုံးပြုတဲ့နေရာမှာ ကွာခြားနိုင်တဲ့ Triple Camera Setup ကို သုံးထားတဲ့အတွက် သိသိသာသာအဆင့်မြှင့်တင်တာဖြစ်ပြီး နောက်ထပ် ဘာလာမလဲဆိုတာကို စောင့်ကြည့်ဖို့ပါပြောခဲ့တာဖြစ်ပါတယ်။

အခု Huawei ကပြောသွားတဲ့ နောက်ထပ်လာမယ့်ဖုန်းက ဖြစ်နိုင်တာက Huawei Mate 20 Pro စမတ်ဖုန်းဖြစ်လာနိုင်ပြီးတော့ အဓိကအဆင့်မြှင့်တင်မှုအနေနဲ့ကတော့ Processor ပိုင်းနဲ့ P20 Pro လို Triple Camera သုံးလာမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Processor ပိုင်း Improve ဖြစ်လာပြီး ဒီဇိုင်းပိုင်း ကြီးမားတဲ့ပြောင်းလဲမှုမရှိခဲ့တဲ့ Samsung Galaxy Note 9 ကို Huawei Mate 20 Pro ဖုန်းနဲ့ တိုက်ခိုက်ချင်တဲ့ပုံပါပဲ။

ဘာပဲဖြစ်ဖြစ် Huawei က ယခု သြဂုတ်လကုန်မှာလည်း Kirin 980 Processor အသစ်ကိုထုတ်ပြသွားဖို့ ရှိနေပြီးတော့ ဒါကလည်း Huawei Mate 20 ဖုန်းတွေမှာ ပါဝင်လာမယ့် ကြီးမားတဲ့ Upgrade တစ်ခုထဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ လက်ရှိသိထားရတဲ့ သတင်းတွေအရ ဆိုရင်လည်း အခုထွက်လာမယ့် Kirin 980 Processor အသစ်က လက်ရှိ Snapdragon 845 Processor ထက် ၂ ဆ နီးပါးပိုပြီး မြန်ဆန်လာဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei က ဒီအတိုင်း အပြောကြီးတာလား၊ ဒါမှမဟုတ် တကယ်ကို Huawei Mate 20 Pro ဖုန်းနဲ့ အကောင်းဆုံး စမတ်ဖုန်းအဖြစ်သတ်မှတ်ခံရမလားဆိုတာကတော့ လာမယ့် စက်တင်ဘာလကြရင် တွေ့မြင်ရတော့မှာပါ။