Apple ကနေ ထုတ်လုပ်ထားတဲ့ iPhone X စမတ်ဖုန်းက လက်ရှိအချိန်မှာ iPhone အသစ်တွေမထွက်ခင်အချိန်အထိ လက်ရှိအချိန်မှာ အကောင်းဆုံးသော iPhone ဆိုရင်လည်းမမှားပါဘူး။ ဒါ့အပြင် iPhone X ဟာ လက်တလောအတွင်းမှာ Apple iPhone ဒီဇိုင်းတွေထဲမှာ ခွဲထွက်လာခဲ့တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ iPhone တစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple iPhone X ကို အသုံးပြုသူတွေက ပြဿနာတစ်ခုကို ကြုံတွေ့နေရပြီးတော့ အခုဆိုရင် Apple ရဲ့ Communities Discussion Forum တွေထဲမှာလည်း တစ်ယောက်ပြီး တစ်ယောက် အခုပြဿနာကို ပြောကြားလာကြပြီးဖြစ်ပါတယ်။ အဲ့ဒီ ပြဿနာကတော့ iPhone X ရဲ့ အနောက်ဘက်မှာ ရှိတဲ့ Dual Camera ကို ဖုံးအုပ်ထားတဲ့ မှန်သား Lens Cover က ကွဲအက်လာတာပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အခုလိုမျိုး Lens Cover ကွဲအက်တာက ဖုန်းကို ပြုတ်ကျတဲ့အချိန်၊ ထိခိုက်မိတဲ့အချိန်မှာမှ ဖြစ်တတ်တယ်ဆိုပေမယ့် အခုကတော့ ဖုန်းကို ဘာမှမလုပ်ပဲ သုံးနေတဲ့အချိန်မှာလည်း အလိုအလျောက် အက်ကွဲကြောင်းပေါ်လာတယ်လို့ သိရပါတယ်။ အခုလိုမျိုး ဖြစ်ရတာက ဘာကြောင့်ဖြစ်ရတာကိုလည်း အဖြေရှာမရသေးပဲ အသုံးပြုသူတွေကတော့ Apple ရဲ့ Build Quality အပေါ်ကို အပြစ်ရှာနေကြပြီဖြစ်ပါတယ်။

အခုပြဿနာကိုပိုပြီး ဆိုးရွားသွားစေတာကတော့ အခုလိုမျိုး Lens Cover Replacement အတွက် ၉၉ ဒေါ်လာကျသင့်တာဖြစ်ပြီး ဒါက Apple ရဲ့ ထပ်တိုး Warranty Service ဖြစ်တဲ့ AppleCare+ ကို ရယူထားတဲ့အသုံးပြုသူတွေအတွက်ဖြစ်ပါတယ်။ တကယ်လို့ Apple Store ရဲ့ Warranty မရှိတော့ရင်တော့ အစားထိုးလဲလှယ်ဖို့ကို ဒေါ်လာ ၅၄၉ အထိ Apple Service Center က ကောက်ခံနေတယ်လို့ Reddit မှာ ရှိတဲ့အသုံးပြုသူတွေက ပြောကြားနေကြပါတယ်။

အချို့သော အသုံးပြုသူတွေကတော့ အခုလိုမျိုး iPhone X ရဲ့ နောက်ကျောဘက် Lens Cover အလိုအလျောက်ကွဲအက်ရတာက အပူချိန်ကြောင့်ဖြစ်နိုင်ပြီးတော့ Apple ရဲ့ အဆိုအရ iPhone X ဟာ အသုံးပြုနေတဲ့အချိန်မှာ 0°C ကနေ 35°C အတွင်း၊ ဖုန်းကို ချထားတဲ့အချိန်မှာ -20°C နဲ့ 45°C အတွင်း ရှိနေဖို့ လိုအပ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုပြဿနာဖြစ်ပွားတဲ့သူအချို့ကတော့ ပုံမှန်အပူချိန်မှာတင် ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောကြားနေတုန်းပါပဲ။