ကောလာဟာလတွေ အရ Xiaomi အနေနဲ့ မကြာမီ အချိန်အတွင်းမှာ Flagship စမတ်ဖုန်း မော်ဒယ် အသစ် Pocophone F1 ကို မိတ်ဆက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ သိပ်မကြာခင် အချိန်တုန်းကလည်း Pocophone F1 နဲ့ ပတ်သတ်တဲ့ ပုံရိပ်တွေ၊ Specifications တွေ ထွက်ပေါ်ခဲ့သလို ဒီနေ့မှာလည်း Pocophone F1 Hands-On ဗွီဒီယို ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

ယခု ထွက်ပေါ်လာတဲ့ Hands-On ဗွီဒီယိုမှာ Pocophone F1 ရဲ့ ရှေ့ဘက် Panel နဲ့ ကျောဘက် Panel ကို အဓိက အသားပေး ဖော်ပြထားတာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ထွက်ပေါ်လာတဲ့ ဗွီဒီယို အရ Pocophone F1 မှာ Notch Display ကို မြင်တွေ့ရဖွယ် ရှိပါတယ်။ Pocophone F1 ရဲ့ အရှေ့ဘက် မျက်နှာပြင် ဒီဇိုင်း ကို Mi 8 ရဲ့ ဒီဇိုင်း အတိုင်း မြင်တွေ့ရဖွယ် ရှိပါတယ်။ Mi 8 မှာ အသုံးပြုခဲ့သလို ကျယ်ပြန့်တဲ့ Notch၊ အနည်းငယ်ထူတဲ့ အောက်ဘက် ဘေးဘောင်တွေ ကို Pocophone F1 မှာ မြင်တွေ့ရမှာပါ။

Pocophone F1 မှာ ၆လက်မ အရွယ်အစားရှိ (2246 x 1080 Pixels) Resolution IPS LCD Display ကို အသုံးပြု သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Pocophone F1 ရဲ့ Notch မှာ Flood Illuminator, Infared Camera တို့ ပါဝင်မှာ ဖြစ်တာကြောင့် အလင်းရောင် အပြည့်အဝ မရတဲ့ နေရာတွေမှာတောင် AI Face Unlock Feature ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Pocophone F1 ရဲ့ ကျောဘက် Panel ကတော့ Xiaomi Mi 8 နဲ့ အနည်းငယ် ကွဲပြားခြားနားတာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Dual Rear Camera Setup ကို ဖုန်းရဲ့ အလယ်ဘက်မှာ ဒေါင်လိုက် အနေအထားနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Dual Camera Setup ရဲ့ အောက်မှာ Fingerprint Scanner ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Pocophone F1 မှာ Snapdragon 845 SoC, RAM 8GB, Internal 256GB ပါဝင်လာနိုင်ပြီး ဖုန်းရဲ့ အပူချိန် ကို လျှော့ချပေးဖို့ အတွက် Liquid Cooling System ပါဝင်လာနိုင်တယ် လို့ သိရပါတယ်။ Rear Camera အနေနဲ့ 12MP + 5MP Dual Camera Setup ကို LED Flash နဲ့ အတူ အသုံးပြု သွားနိုင်ပါတယ်။ Front Camera အနေနဲ့ 20MP Selfie ကင်မရာ ကို အသုံးပြု သွားနိုင်ပါတယ်။

ဘက်ထရီ အနေနဲ့ 4000 mAh ဘက်ထရီ ပါဝင် လာနိုင်ပြီး Quick Charge 3.0 Support ပါဝင်လာနိုင်ပါတယ်။ Operating System အနေနဲ့ Android 8.1 Oreo ကို အခြေခံထားတဲ့ MIUI 9 နဲ့ ပွဲထွက် လာနိုင်ပါတယ်။ Pocophone F1 ကို ၄၈၆ ဒေါ်လာ ဝန်းကျင် နဲ့ စက်တင်ဘာလကုန် အောက်တိုဘာ လဆန်းပိုင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

REF: Gizmo China