စမတ်ဖုန်းတွေဟာ လူတွေရဲ့ ဘဝတွေမှာ မရှိမဖြစ် အရေးပါလာကြပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်နဲ့ စွမ်းရည်တွေ ပိုမို ပါလာကြတဲ့အတွက် ပိုမို ထူထဲပြီး လေးလံလာပါတယ်။

Samsung Galaxy Z Flip 3 review: The first foldable phone under $1,000 | Tom's Guide

သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။ စမတ်ဖုန်းတွေ ပိုမို ပါးလွှာပြီး ပေါ့ပါးစေတဲ့ နည်းပညာတွေ အနာဂတ်မှာ ထွက်ပေါ်လာတော့မှာပါ။ နောက် ၅ နှစ်အတွင်း စမတ်ဖုန်းတွေ ပိုမို ပါးလွှာစေမယ့် နည်းပညာ ၃ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ Graphene Battery

Graphene Battery တွေမှာ မြင့်မားတဲ့ စွမ်းအား၊ ပျော့ပြောင်းမှု၊ လျှပ်ကူးမှုနဲ့ ဖောက်ထွင်းမြင်ရမှု တို့လို ထူးခြားတဲ့ စွမ်းရည်တွေ ရှိပါတယ်။ စွမ်းအင်သိုလှောင်မှု ပမာဏ မြင့်မားပြီး အားသွင်းရင် ပိုမြန်ကာ သမားရိုးကျ Lithium-ion Battery တွေထက် သက်တမ်း ပိုကြာပါတယ်။

Xiaomi, OPPO နဲ့ Samsung တို့လို စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ Graphene Battery ကို နေရာကျဉ်းကျဉ်းမှာ ထည့်သွင်းနိုင်တဲ့ နည်းလမ်းတွေကို သုတေသနပြုလုပ်နေကြပါတယ်။ အဲဒီအတွက် ပိုမိုပါးလွှာ ပေါ့ပါးပြီး ဘက်ထရီ သက်တမ်း ကြာမြင့်တဲ့ စမတ်ဖုန်းတွေ ထွက်လာတော့မှာပါ။

၂။ Rollable Display

Rollable Display ဟာ ခေါက်လိပ်နိုင်၊ ခေါက်ချိုးနိုင်တဲ့ Flexible Screen ဖြစ်ပါတယ်။ ဖုန်း အရွယ်အစားနဲ့ အလေးချိန် မတိုးစေဘဲ ကြီးမားတဲ့ မျက်နှာပြင်ကို ပံ့ပိုးပေးပါတယ်။

Rollable Display တွေဟာ Organic Light-emitting Diode (OLED) ကို အခြေပြု တည်ဆောက်ထားပြီး Brightness နဲ့ အရောင်တွေ မြင့်မားကာ စွမ်းအင် စားသုံးမှု သက်သာစေပါတယ်။

Motorola နဲ့ Samsung တို့လို စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ခလုတ် ၁ ချက်နှိပ်ရုံနဲ့ Screen ကို ဆန့်ထုတ်နိုင်၊ လိပ်သိမ်းနိုင်တဲ့ Rollable စမတ်ဖုန်း နမူနာမော်ဒယ်တွေကို ပြသထားပြီးပါပြီ။

Motorola က MWC Barcelona 2023 မှာ Motorola Rizr Rollable ကို ပြသခဲ့ပြီး ဖုန်းဟာ ၅ လက်မ အရွယ်ပဲ ရှိပေမယ့် ဆန့်ထုတ်လိုက်တဲ့အခါ ၆.၅ လက်မ မျက်နှာပြင် အဖြစ် ပြောင်းလဲသွားပါတယ်။

အဲဒီအတွက် ဖုန်း အရွယ်အစားသေးငယ်ပြီး ပါးလွှာပေမယ့် ကြီးမားတဲ့ မျက်နှာပြင်ကို သုံးနိုင်ပါတယ်။

၃။ Under-display Camera

နောက် ၁ ခုက Under-display Camera ဖြစ်ပါတယ်။ Under-display Camera ဟာ စမတ်ဖုန်း မျက်နှာပြင်အောက်မှာ ဖွက်ထားတဲ့ Camera ဖြစ်ပြီး Notch နဲ့ Punch Hole တွေမလိုတော့ပါဘူး။

မျက်နှာပြင်မှာလည်း နေရာ မလိုတော့တဲ့အတွက် စမတ်ဖုန်းဟာ ပိုမို ပါးလွှာလာပါတယ်။ ZTE နဲ့ Xiaomi တို့လို စမတ်ဖုန်း ကုမ္ပဏီတွေက Under-display Camera ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

ဒီနည်းပညာဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး မျက်နှာပြင်အောက်မှာ Camera တပ်ထားတဲ့အတွက် အလင်းဖမ်းယူမှု အားနည်းကာ ဓါတ်ပုံ အရည်အသွေး သိပ်မကောင်းသေးပါဘူး။ ဒါပေမယ့် နောက် ၅ နှစ်အတွင်းမှာ ဒီနည်းပညာဟာ အလွန် ကောင်းမွန်လာနိုင်ပါတယ်။

Ref : gizmochina