ယူကရိန်း သတင်းဌာန ၃ ခု ဖြစ်တဲ့ Ukrainska Pravda, Novoye Vremya နဲ့ Hromadske တို့ဟာ NFT ပလက်ဖောင်း Vault နဲ့ပူးပေါင်းကာ ဒေါ်လာ ၁ သန်းဖိုး NFT တွေ ရောင်းချဖို့ စီစဉ်နေပါတယ်။ သတင်းဌာနတွေရဲ့ Exclusive Content တွေကို ကြည့်ရှုနိုင်တဲ့ NFT Keys တွေကို အကန့်အသတ်နဲ့ ရောင်းချဖို့ မျှော်လင့်ထားကြပါတယ်။

Aerial view of the Ukraine flag in winter. (Shutterstock)

သတင်းဌာနတွေရဲ့ သတင်းထောက်တွေ၊ ဓါတ်ပုံ ဆရာတွေ၊ အယ်ဒီတာ အဖွဲ့တွေ သက်စွန့်ဆံဖျား ဖမ်းယူထားတဲ့ Content တွေကို Key ပိုင်ရှင်တွေက ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အဲဒီ Content တွေထဲမှာ ဓါတ်ပုံ၊ ဗီဒီယို၊ သတင်းတွေရဲ့ Link တွေ၊ အကြံပေးထားတဲ့ ဖတ်စရာတွေနဲ့ ၁ ပတ်စာ သတင်း အီးမေးတွေ ပါဝင်ပါတယ်။

အဲဒီ ယူကရိန်း သတင်းဌာနတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက်မှာ နာမည်အရမ်း ကြီးလာပါတယ်။ Ukrainska Pravda မှ အယ်ဒီတာချုပ် Sevgil Mysayeva က ရုရှား ကျူးကျော်ပြီးနောက် ယူကရိန်းမှာ ဒုတိယ လူကြည့်အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာတယ်လို့ ပြောပါတယ်။ သူက “ ကမ္ဘာအဝန်းက လူပေါင်း ၈ သန်းလောက် နေ့တိုင်း ကြည့်ကြပါတယ်။ ယူကရိန်းက လက်ရှိ အခြေအနေတွေကို မှန်မှန်ကန်ကန်နဲ့ အချိန်မှီ ကမ္ဘာကြီးကို အသိပေးဖို့ ကျွန်တော်တို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ “ လို့ ပြောပါတယ်။

ယူကရိန်းမှာ Crypto နဲ့ ရန်ပုံငွေရှာတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ရုရှား ကျူးကျော်စစ် စတင်ပြီးနောက်မှာ ယူကရိန်း အစိုးရဟာ Cryptocurrency လှူဒါန်းမှု ၁၂၀,၀၀၀ ကျော်ကနေ ဒေါ်လာ ၅၉ သန်း ရရှိခဲ့ပါတယ်။ ရုရှား စတင် ကျူးကျော်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ Cryptocurrency နဲ့ အလှူခံခဲ့ပြီး ယူကရိန်း အစိုးရရဲ့ တရားဝင် တွစ်တာ အကောင့်မှာ လှူဒါန်းနိုင်မယ့် Bitcoin နဲ့ Ethereum Wallet လိပ်စာတွေကို ဖော်ပြထားပါတယ်။

Ref : decrypt