LG ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့ပထမဆုံး 8K OLED Display ကို ထုတ်ဖော်ပြသခဲ့ပြီး အခုအချိန်မှာတော့ ကုမ္ပဏီရဲ့ ပထမဦးဆုံး 4K HDR Projector ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ LG ကတော့ အခုထုတ်လုပ်လိုက်တဲ့ 4K Projector က အခြားသော Projector တွေထက် အရွယ်အစားက ထက်ဝက်ခန့်သေးငယ်တယ်လို့ သိရပါတယ်။

LG HU80KA လို့ နာမည်ပေးထားတဲ့အခု Projector ဟာ ပေ ၁၅၀ အရွယ်အစားရှိတဲ့ Display တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အလင်းအားကလည်း 2,500 Lumens အထိရှိတဲ့အတွက် အခြား Projector တွေထက် အလင်းအားပိုပြီး ကောင်းမွန်မှာဖြစ်ပါတယ်။ LG ကတော့ အခု Projector ဟာ ကုမ္ပဏီက ထုတ်လုပ်ခဲ့သမျှ Projector တွေထဲမှာ အလင်းအားအကောင်းဆုံးဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

အခု LG Projector ဟာ 4K Resolution အပြင် HDR 10 နည်းပညာပါဝင်တဲ့အတွက် HDR Video တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ Dolby Vision ပါဝင်ခြင်းရှိမရှိကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး။ LG ရဲ့ ပြောစကားအရတော့ အခု Projector ကို ကြမ်းပြင်မှာပဲထားထား၊ နံရံမှာပဲ ချိတ်ဆွဲထားထား အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ LG 4K HDR Projector မှာ 7-Watt Speakers တွေပါဝင်ပြီးတော့ အခြားသော ချိတ်ဆက်မှုတွေအတွက် Optical ၊ HDMI နဲ့ Bluetooth နဲ့ USB Drive တွေပါဝင်မှာဖြစ်ပါတယ်။

LG ကနေ ယခု 4K HDR Projector ရဲ့ ဈေးနှုန်းကို ပြောကြားခြင်းမရှိပေမယ့် “Premium Affordable Projector” လို့ သုံးနှုန်းသွားတဲ့အတွက် အခြား 4K Projector တွေထက် ဈေးနှုန်းသက်သာမှာဖြစ်ပြီးတော့ ဒေါ်လာ ၂၀၀၀ ဝန်းကျင်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။