EU က USB-C ကို ဘုံသုံးအဖြစ် သတ်မှတ်လိုက်တော့ တစ်ထီးတစ်နန်းလုပ်ချင်နေတဲ့ Apple အတွက် အခက်တွေ့သွားရပါတယ်။ သူ့ရဲ့ Eco system ကို ချဲ့ထွင်ချင်နေတဲ့ Apple ဟာ နောက်ဆုံးမှာတော့ ရွေးချယ်စရာမရှိတော့ဘဲ USB-C ကို ပဲ အသုံးပြုရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Apple ဟာ ခေသူမဟုတ်ဆိုတဲ့အတိုင်း တစ်မျိုးမဟုတ်တစ်မျိုးတော့ သူ့စိတ်ကြိုက်လုပ်နိုင်အောင် ကြိုးစားဦးမှာပါပဲ။ တရုတ်ကနေ ထွက်ပေါ်လာတဲ့ ကောလာဟလတွေအရဆိုရင်တော့ Apple ဟာ Port အတွက် Custom integrated circuit (IC) သုံးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါဟာ ချိတ်ဆက်မှုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို Authenticate ပေးတာလည်း ဖြစ်ပါတယ်။

Lighting interface မှာ Apple က Authentication process ထည့်သွင်းတည်ဆောက်ထားပြီး Apple က ထုတ်တဲ့ အရာမဟုတ်တာကိုသုံးရင် “Made for iPhone” လိုင်စင် ပရိုဂရမ်မပါတဲ့အခါ “This accessory is not supported” ဆိုတဲ့ သတိပေးစာ ပေါ်လာတာကို သိကြမယ် ထင်ပါတယ်။ အခု USB-C port အတွက်လည်း အလားတူ လုပ်ဆောင်မှု ထည့်သွင်းဖို့ ကြိုးစားနေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

လက်ရှိထွက်လာတဲ့သတင်းက ကောလာဟလအဆင့်မှာပဲ ရှိနေသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ EU ရဲ့ ရည်ရွယ်ချက်က USB-C ကို ဘုံသုံးဖြစ်စေချင်တာပါ။ ဒါကို Apple က ထိန်းချုပ်လိုက်မယ်ဆိုရင် စည်းမျဉ်းချိုးဖောက်ရာရောက်သွားပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘဲ ဘုံသုံး USB-C နဲ့သုံးရင် အားသွင်းနှုန်းနဲ့ ဒေတာအမြန်နှုန်းကတစ်မျိုး၊ Apple က ထုတ်တာကို ဝယ်သုံးရင် ပိုမြန်တဲ့အားသွင်းနှုန်းနဲ့ ဒေတာမြန်နှုန်းရတာမျိုးကိုတော့ လုပ်လာနိုင်ပါတယ်။

Ref: GSM Arena