Apple ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ iPhone 15 Series ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ iPhone 15 Series ဖုန်းတွေဟာ Apple ကနေ ယခုနှစ်အတွင်းမှာ မိတ်ဆက်ဖို့ကျန်ရှိနေတဲ့ တစ်ခုတည်းသော Product တွေဖြစ်လာမှာမဟုတ်ပါဘူး။


ဘာကြောင့်လဲဆိုရင် Apple ကနေ ယခုနှစ်ကုန်ပိုင်းမှာ M3 Chip အသစ်ကို အသုံးပြုထားမယ့် MacBook အသစ်တွေကို မိတ်ဆက်ဖို့ရှိနေသေးတာကြောင့်ဖြစ်ပါတယ်။ အခုလည်း Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ပြောကြားလေ့ရှိတဲ့ Bloomberg Media မှ Mark Gurman ကနေ M3 MacBook အသစ်တွေ မိတ်ဆက်မယ့်အချိန်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

Mark Gurman ရဲ့ ပြောကြားချက်အရ Apple ဟာ M3 MacBook ကို မိတ်ဆက်မယ့်အချိန်ဟာ ခန့်မှန်းထားတဲ့အချိန်ထက် နောက်ကျနိုင်ပြီး အောက်တိုဘာလအတွင်းမှပဲ Launch Event တစ်ခုပြုလုပ်ပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် Apple ဟာ ယခင် M2 MacBook Air နဲ့ MacBook Pro တွေကို သီးသန့် Special Event အနေနဲ့ မိတ်ဆက်ခဲ့ခြင်းမရှိတာကြောင့် ယခုနှစ်မှာလည်း M3 MacBook တွေကို Event အကြီးအကျယ်ပြုလုပ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ Apple MacBook အသစ်တွေဟာ ဒီဇိုင်းပြောင်းလဲမှုရှိမှာမဟုတ်ဘဲ 3nm Architecture ကို အခြေခံထားတဲ့ M3 Chip ကိုပဲ အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။

Ref – Gizmo China