Apple ဟာ အခုနောက်ပိုင်းမှာ Mac ကွန်ပျူတာတွေအတွက် ကိုယ်ပိုင် Apple Silicon Chip ကို ပြောင်းလဲအပြီးမှာ ဆက်တိုက်ကို မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း Apple M1 Chip အပြင် M1 Pro ၊ M1 Max နဲ့နောက်ဆုံး M1 Ultra Chip တွေအထိ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

အခုနှစ်မှာလည်း Apple ကနေ နောက်ထပ် Apple M2 Chip အသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေပြီး အဆိုပါ Apple M2 Chip ဟာ MacBook Air အသစ်မှာ အရင်ဆုံးအသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါကြောင့် MacBook Air အသစ်ဟာ Design ပိုင်းလုံးဝအသစ်ပြောင်းလဲလာမယ့်အပြင် M2 Chip ကြောင့် Performance ပိုင်းမှာလည်း ပိုကောင်းမွန်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ကနေ အဆိုပါ M2 Chip ကို အသုံးပြုထားတဲ့ MacBook အသစ်တွေကို မိတ်ဆက်မယ့်အချိန်ကိုတော့ အခုထိ ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက ပြုလုပ်ခဲ့တဲ့ Apple Event မှာလည်း M2 Chip အစား M1 Ultra Chip ကိုအသုံးပြုထားတဲ့ Mac Studio ကွန်ပျူတာကိုပဲ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ အဆိုပါ MacBook Air အသစ်ကို လာမယ့် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ မိတ်ဆက်ဖို့ ရွေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။ အစောပိုင်းတုန်းက ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်တာကြောင့် အချိန်အားဖြင့် လပိုင်းလောက် နောက်ဆုတ်သွားတာဖြစ်ပါတယ်။

Apple နဲ့ပတ်သက်ပြီး သတင်းတွေကို အမြဲတမ်းပြောကြားတတ်တဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကတေ့ာ Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ် ဒုတိယ ၃ လပါတ် သို့မဟုတ် တတိယ ၃ လပါတ်အတွင်းမှာ MacBook Air အသစ်ကို အမြောက်အများထုတ်လုပ်မှုကို စတင်မယ်လို့ သိရပါတယ်။ ဒါကြောင့် Apple MacBook Air ကို အစောဆုံး ယခုနှစ် ဇွန်လ နောက်ပိုင်းမှ မြင်တွေ့ရဖို့ ကျိန်းသေနေပါပြီ။

Ref – Gizmo China