Apple ဟာ မကြာခင်ပြုလုပ်သွားတော့မယ့် WWDC Event မှာ iOS နဲ့ macOS အသစ်တွေအပြင် Apple M2 Silicon Chip အသစ်ကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ အဆိုပါ Apple M2 Chip ကို အသုံးပြုလာမယ့် MacBook Air အသစ်ကိုပါ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

အဆိုပါ MacBook Air အသစ်ဟာ M2 Chip ကို အသုံးပြုထားမယ့်အပြင် Design အသစ်ကိုလည်း လုံးဝင်ပြောင်းလဲထားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း ပုံမှန်မိတ်ဆက်နေကျဖြစ်တဲ့ Black ၊ Silver ၊ Gold Color တွေအပြင် နောက်ထပ်အရောင်အသစ်တစ်မျိုးပါဝင်မယ်လို့ သိရပါတယ်။ MacBook Air အသစ်ဟာ မနှစ်တုန်းက MacBook Pro တွေမှာ ပါဝင်ခဲ့တဲ့ MagSafe Connector ကိုလည်း ထည့်သွင်းလာဦးမှာပါ။

အခုလည်း Apple Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ Apple ဟာ ယခု ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် MacBook Air တွေကို အလုံးရေ ၇ သန်းအထိ တင်ပို့ရောင်းချသွားဖို့ ခန့်မှန်းထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ယခုပမာဏဟာ လက်ရှိ Apple Supplier တစ်ဦးဖြစ်တဲ့ Quanta ဟာ ၂၀၂၂ ခုနှစ် တတိယ ၃ လပါတ်မတိုင်ခင် Lockdown ကြောင့် စက်ရုံပိတ်ထားရတာတွေကို ပြန်ဖွင့်နိုင်ခဲ့ရင် သတ်မှတ်ထားတဲ့ ပမာဏဖြစ်တယ်လို့ သိရပါတယ်။

Ming-Chi Kuo ကတော့ Apple MacBook Air အသစ်တွေဟာ လက်ရှိ MacBook Pro တွေထက်တောင်ရောင်းအားကောင်းဖို့ သေချာသလောက်ဖြစ်နေပြီလို့ ဆိုထားပါတယ်။ အဆိုပါ MacBook Air အပြင် Apple ကနေ M2 Chip ကိုပဲ အသုံးပြုထားတဲ့ Entry Level MacBook Pro ကိုလည်း မိတ်ဆက်နိုင်ခြေရှိတယ်လို့သိရပါတယ်။

Ref – 9to5mac