တရုတ်နိုင်ငံတွင်းမှာ အကြီးမားဆုံး စမတ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ HUAWEI ဟာ အခုနောက်ပိုင်းမှာ EV လျှပ်စစ်ကားတွေထုတ်လုပ်မှုပိုင်းမှာလည်း ဆက်တိုက်ပါဝင်နေတာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံထုတ် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BAIC နဲ့ ပူးပေါင်းပြီး နောက်ထပ် လျှပ်စစ်ကား Project အသစ်ကို ကြေညာခဲ့ပါတယ်။

ယခင်တုန်းက HUAWEI ဟာ လျှပ်စစ်ကားတွေကို တခြားသော ကားကုမ္ပဏီတွေကိုပဲ ထုတ်လုပ်ရောင်းချစေခဲ့ပြီးတော့ Software ပိုင်းကိုပဲ တာဝန်ယူခဲ့ပေမယ့် အခု Project ကတော့ မတူညီဘဲ ထူးခြားနေပါတယ်။

ဘာကြောင့်လဲဆိုရင် HUAWEI ကိုယ်တိုင်ကနေ ယခင် HUAWEI Showroom အဟောင်းတွေမှာ အဆိုပါ လျှပ်စစ်ကား Brand အသစ်ကို ရောင်းချသွားမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ HUAWEI ရဲ့ ကိုယ်ပိုင် DriveONE Platform ကနေတစ်ဆင့် နည်းပညာပိုင်းကို အဓိကထောက်ပံ့ပေးသွားမှာဖြစ်ပြီး BAIC အနေနဲ့ တည်ဆောက်ထုတ်လုပ်မှုအပိုင်းကိုပဲ တာဝန်ယူရဖွယ်ရှိနေပါတယ်။

အဆိုပါ လျှပ်စစ်ကား Brand နာမည်ကိုတော့ အတိအကျမသိရသေးပေမယ့် ကျိန်းသေတာကတော့ Software ပိုင်းမှာ HUAWEI HarmonyOS ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ဆုံးပေါ်နည်းပညာတွေ၊ အဆင့်အမြင့်ဆုံးသော မောင်းသူမဲ့နည်းပညာဖြစ်တဲ့ Advanced ADAS နည်းပညာတွေကိုပါ ထောက်ပံ့သွားဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် HUAWEI ရဲ့ ကြေညာချက်အရ အခု လျှပ်စစ်ကား Brand အသစ်ကို လာမယ့် ၂၀၂၄ ခုနှစ်မှာ တရားဝင်မိတ်ဆက်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Arena EV