Canalys ရဲ့ နောက်ဆုံး သုတေသန စစ်တမ်းအရ ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံး စမတ်ဖုန်းရောင်းအားဟာ ၁.၃၅ ဘီလီယမ် ရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ရောင်းအားထက် ၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Covid-19 ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်ရဲ့ ၁.၃၇ ဘီလီယမ် ရောင်းအားနီးပါး ပြန်လည် ရရှိလာပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရောင်းအား အကောင်းဆုံးက Samsung ဖြစ်ပြီး အလုံးရေ ၂၇၄.၅ သန်း ရောင်းချနိုင်ခဲ့ကာ ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းရခဲ့ပါတယ်။

Canalys: Smartphone market recovered to nearly pre-COVID levels in 2021

နံပါတ် ၂ နေရာကို သိမ်းပိုက်ထားတာက Apple ဖြစ်ပြီး အလုံးရေ သန်း ၂၃၀ နဲ့ ဈေးကွက်ဝေစု ၁၇ ရာခိုင်နှုန်းရထားပါတယ်။ Xiaomi က အလုံးရေ ၁၉၁ သန်း၊ ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ အရင်နှစ်ကထက် ၂၈ ရာခိုင်နှုန်း ရောင်းအား ပိုကောင်းလာပြီး အတိုးတက်ဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

နံပါတ် ၄ နေရာကို OPPO က အလုံးရေ ၁၄၅ သန်း၊ ဈေးကွက်ဝေစု ၁၁ ရာခိုင်နှုန်းနဲ့ ရရှိထားပြီး Vivo က နံပါတ် ၅ နေရာကို အလုံးရေ ၁၂၉.၉ သန်း၊ ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းနဲ့ အသီးသီး ရရှိထားပါတယ်။ ဖုန်း အစိတ်အပိုင်းတွေ မလုံလောက်တဲ့ ပြဿနာ ရှိနေပေမယ့် စမတ်ဖုန်း ရောင်းအားဟာ ၂၀၂၁ ခုနှစ်မှာ မြင့်မားခဲ့ပါတယ်။

အာရှ-ပစိဖိတ်၊ အရှေ့ အလယ်ပိုင်း၊ အာဖရိကနဲ့ လက်တင် အမေရိကတို့မှာ တန်ဖိုးနည်း ဖုန်းတွေ လူကြိုက်များခဲ့တဲ့တာက ၂၀၂၁ ခုနှစ်မှာ ဖုန်း ရောင်းအားကို အဓိက တိုးတက်စေခဲ့တာပါ။ Samsung နဲ့ Apple တို့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေဟာလည်း ရောင်းအားကောင်းခဲ့ပြီး Samsung ဟာ Foldable ဖုန်း ၈ သန်း ရောင်းချနိုင်ခဲ့ကာ ရည်မှန်းချက် ပြည့်ဝခဲ့သလို Apple ဟာ ပြီးခဲ့တဲ့နှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အလုံးရေ ၈၂.၇ သန်းတောင် ရောင်းချနိုင်ခဲ့ပါတယ်။ Canalys က ၂၀၂၂ ခုနှစ်မှာလည်း စမတ်ဖုန်း ရောင်းအား ကောင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

Ref : gsmarena