လက်ရှိမှာ အကြီးမားဆုံး Cryptocurrency Exchange တွေထဲကတစ်ခုဖြစ်တဲ့ Crypto.com ဟာ မမှားသင့်တဲ့အမှားတစ်ခုကို ပြုလုပ်မိခဲ့ပါတယ်။ ဒါကတော့ အသုံးပြုသူတစ်ဦးကို ၆၈ ဒေါ်လာဝန်းကျင်တန်ဖိုးရှိတဲ့ $100 AUD အစား ဒေါ်လာ ၇.၂ သန်းဝန်းကျင် တန်ဖိုးရှိတဲ့ $10.5 Million AUD ကို မှားယွင်းပြီး လွှဲပြောင်းမိခဲ့တာကြောင့်ဖြစ်ပါတယ်။

ပိုပြီး ထူးခြားတဲ့အချက်က အခုလိုမျိုး ဒေါ်လာ ၇ သန်းကျော် မှားယွင်းလွှဲပြောင်းမိလိုက်ပေမယ့် ချက်ချင်းသိရှိခဲ့ခြင်းမရှိဘဲ အချိန် ၇ လကျော်မှ သိရှိခဲ့တာဖြစ်ပါတယ်။ သိရှိတဲ့အချိန်မှာ ပိုက်ဆံကို ပြန်လည်ရယူနိုင်ခြင်းမရှိတော့ဘဲ ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။

အခုလို မှားယွင်းမှုဟာ ပြီးခဲ့တဲ့မေလ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Crypto.com မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ဦးက Payment ထည့်သွင်းရမယ့်နေရာမှာ Account Number ကို မှားယွင်းရိုက်မိခဲ့တာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ မှားယွင်းမှုကို Crypto.com က ဒီဇင်ဘာလ ၂၀၂၁ ခုနှစ်အတွင်းမှာ စာရင်းပြန်စစ်တဲ့အချိန်မှပဲ သိရှိခဲ့တာဖြစ်ပါတယ်။

Crypto.com ကနေ မှားယွင်းပြီး ဒေါ်လာ ၇ သန်းကျော်လွှဲပြောင်းလိုက်တဲ့ အသုံးပြုသူဖြစ်တဲ့ Thevamanogari Manivel ဟာ အဆိုပါ ပိုက်ဆံကို Joint Account ထဲကို ပြောင်းလဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဒေါ်လာ ၉ သိန်းဝန်းကျင် တန်ဖိုးရှိတဲ့အိမ်ကိုပါ ဝယ်ယူပြီး ညီမဖြစ်သူနှင့်အတူ နေထိုင်နေတာဖြစ်ပါတယ်။

လောလာဆယ်မှာတော့ Crypto.com ဟာ မှားယွင်းလွှဲပြောင်းမိတဲ့ ပိုက်ဆံတွေကို ပြန်လည်ရရှိအောင် တရားစွဲဆိုထားပြီး လာမယ့် အောက်တိုဘာလမှ ရုံးချိန်းစတင်မှာဖြစ်တာကြောင့် ဘယ်လိုဖြစ်သွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – The Verge