အများသိကြတဲ့အတိုင်း တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်အတွက် ထရမ့်အစိုးရက Huawei ကို ပိတ်ပင်လိုက်တဲ့အပြင် အမေရိကန်ကုမ္ပဏီတွေကိုလည်း Huawei နဲ့ ရောင်းဝယ်ဖောက်ကားခွင့် တားမြစ်လိုက်ပါတယ်။ ဒီအထဲမှာမှ Google ရဲ့ Huawei ရဲ့ ဆက်ဆံရေးရပ်တန့်ဖို့ ဖိအားပေးခံရတာက ထင်သာမြင်သာ ဖြစ်ရပ်လို့ ဆိုရမှာပါ။

တကယ်တော့ Huawei နဲ့ အမေရိကန်ကုန်မ္ပဏီတွေရဲ့ ဆက်ဆံရေးရပ်တန့်ဖို့ ဖိအားပေးလိုက်တာဟာ နှစ်ဘက်စလုံးအတွက် အထိနာတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက ပြည်တွင်းနည်းပညာကုမ္ပဏီတွေကို Huawei နဲ့ပြန်ပြီးအလုပ်လုပ်မယ်ဆိုရင် ခွင့်ပြုဖို့ လျှောက်လွှာတင်ခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလအထိ လျှောက်ထားခဲ့တဲ့ကုမ္ပဏီပေါင်း ၁၃၀ ကျော်ခဲ့တယ်လို့လည်း သိရပါတယ်။

Huawei အနေနဲ့လည်း Google Mobile Service (GMS) ကို အသုံးမပြုနိုင်တာကြောင့် နိုင်ငံတကာဈေးကွက်မှာ အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း Huawei Mobile Service (HMS) ကို အစားထိုးဖို့ ကြိုးစားလာရပါတော့တယ်။ HMS အနေနဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ အောင်မြင်မယ်ဆိုတာ သေချာနေပေမယ့် နိုင်ငံတကာဈေးကွက်က လက်ခံမယ်၊ လက်မခံဘူးဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ဒါပေမယ့် Android နဲ့ Google Play ရဲ့ ဒုတိယဥက္ကဋ္ဌ Sameer Samat ကတော့ Huawei နဲ့ စီးပွားရေ:ဆက်ဆံမှုကို ပြန်လည်စတင်လိုကြောင်း အမေရိကန်အစိုးရဆီ လျှောက်ထားခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ Google ရဲ့ လျှောက်ထားမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုရှိတယ်၊ ဒီဆုံးဖြတ်ချက်က Google ရဲ့ လက်ထဲမှာ ရောက်နေပြီလား၊ မရောက်သေးဘူးလားဆိုတာကိုတော့ Samat က ပြောပြသွားခြင်း မရှိပါဘူး။

အကယ်၍ အမေရိကန်အစိုးရကသာ Google ကို Huawei နဲ့ ပြန်လည်အလုပ်လုပ်ခွင့်ပြုခဲ့မယ်ဆိုရင် Google ဟာ Huawei device တွေအတွက် Google Mobile Service နဲ့ အခြားဝန်ဆောင်မှုတွေကို ဖွင့်ပေးဖွယ်ရှိပါတယ်။ အကြောင်းက Huawei ရဲ့ Consumer Group CEO Richard Yu ကလည်း ပိတ်ပင်ထားတာ ပြန်ပွင့်သွားမယ်ဆိုရင် ချက်ချင်းပဲ Mate 30 Series အတွက် Update ထုတ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီသတင်းမထွက်ပေါ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းကအထိတော့ အခြေအနေက တင်းမာနေဆဲဖြစ်ပုံရပြီး Google ကလည်း Huawei Device တွေမှာ Google Apps ကို တရားမဝင် တပ်ဆင်အသုံးပြုတာမျိုးမလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ အကယ်၍သာ Google အနေနဲ့ သူ့ရဲ့ App တွေကို Huawei ဖုန်းတွေမှာ သုံးစွဲခွင့်မပေးတော့ဘူးဆိုရင် သုံးစွဲသူ သန်းပေါင်းများကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

Ref: Android Authority