ဒီတစ်ပတ်မှာတော့ Auto Chess ရေစီးကြောင်းထဲ ထပ်ပြီးမျောပါလာတဲ့ ဂိမ်း Franchise အကြီးစားက Ubisoft မှ ပိုင်ဆိုင်တဲ့ Heroes of Might & Magic Franchise ပဲဖြစ်ပါတယ်။ Heroes of Might & Magic ဟာ မျိုးဆက်ဟောင်း ဂိမ်မာကြီးတွေအတွက် အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Classic Turned-based Strategy ဂိမ်းတစ်ခုပါ။

“Might & Magic Chess Royale” ဆိုတဲ့ အမည်နဲ့ ထွက်ရှိလာတဲ့ ဒီဂိမ်းဟာ ရိုးရိုး Auto Chess တွေလိုမဟုတ်ဘဲ မနှစ်က ခေတ်စားခဲ့တဲ့ Battle Royale Gameplay ကိုပါပေါင်းစပ်ထားတာပါ။ ကစားသူဟာ Might & Magic Franchise ထဲက ဇာတ်ကောင်တွေကို အခြေခံထားတဲ့ Auto Chess ဂိမ်းတစ်ခုအား ပြိုင်ဘက် ၉၉ ယောက်နဲ့ တပြိုင်တည်း ကစားရမှာ ဖြစ်ပြီး နောက်ဆုံးရှင်ကျန်ခဲ့သူကသာ အနိုင်ရရှိမှာပါ။

ကစားသမားအယောက်တစ်ရာ ပါဝင်ယှဉ်ပြိုင်ရတဲ့ Battle Royale စတိုင်လ်ဟာ မနှစ်က Flappy Bird နဲ့ Tetris ဂိမ်းတွေနဲ့ တွဲဖက်မြင်တွေ့ခဲ့ရပြီး Auto Chess ကစားနည်းကတော့ နာမည်ကြီး Game Franchise တိုင်းလိုလို အသစ်ထုတ်ပေးရတဲ့ အမျိုးအစားသစ်ပဲဖြစ်ပါတယ်။

Might & Magic မှာ လောလောဆယ်တော့ ယူနစ်တွေကိုသာ Tier ခွဲထားပြီး ယှဉ်ပြိုင်ရမှာပါ။ အခြား Auto Chess တွေလို PvE (Creep Round) တစ်ခုမှ မပါဘဲ အစကနေအဆုံးထိ PvP (Player vs Player) သီးသန့်ချရမှာဖြစ်ပါတယ်။

ဒီဂိမ်းကို iOS, Android အပြင် PC မှာလည်း UPlay Client ဒေါင်းပြီး ဆော့ကစားနိုင်ပေမယ့် ထွက်ထွက်ချင်း စမ်းဆော့ကြည့်တာတော့ PC ဗားရှင်းက Stable မဖြစ်သေးတာကြောင့် ဖုန်းပေါ်မှာပဲ အရင်ဆော့ပါလို့ အကြံပေးချင်ပါတယ်။ Might & Magic ပရိသတ်ကတော့ ဆော့ကိုဆော့ကြည့်ဖြစ်မယ်လို့ ယုံကြည်ပြီး Auto Chess ကစားသူတွေအနေနဲ့လည်း အယောက်တစ်ရာ Battle Royale စတိုင်လ်က Auto Chess အမျိုးအစားထဲမှာ ဒါပထမဆုံးဖြစ်တာကြောင့် အသစ်အဆန်း အနေနဲ့ စမ်းသပ်ကြည့်သင့်ပါတယ်။